မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၈ ဦး ဆက်လက်ဝင်ရောက်

မြဝတီ  ၂၉  ဇွန်

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၈ ဦး ယနေ့တွင် မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၅၅၁ ဦးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်များရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ပြီး ၅၇ ဦးသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာတွင် လက်ခံစောင့်ရှောက်ထားသည့် အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံရသူများဖြစ်ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန် အတွက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ အမျိုးသား ၃၈၀ ဦး၊ အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၆၀၈ ဦးဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်မှ ဇွန် ၂၉ ရက်အထိ စုစုပေါင်း ၃၆၅၅၃ ဦး ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)