ကမ္ဘာ့ရွှေဈေး ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်

ရန်ကုန်  ၂၉  ဇွန်

ကမ္ဘာ့ရွှေဈေးမှာ ၂၀၀၉ ခုနှစ်မှစ၍ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ရှိလာခဲ့ရာမှ ဆယ်နှစ်အတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၇ဝ ကျော်အထိ စံချိန်တင် မြင့်တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောသည်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်အထိ လိုက်ပါမြင့်တက်ရမည်ဖြစ်သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၂၁၇၀၀၀ သာ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင်မူ ပြည်တွင်း ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော် အထိသာ ရှိခဲ့သည်။

 

"ကမ္ဘာ့ရွှေစျေးနဲ့တွက်ရင် ပြည်တွင်းရွှေစျေးက ၁၃ သိန်းကျော်ရမယ်၊ ကျွန်တော်တို့ ရွှေကိုအားလုံးက လက်ဝတ်တန်ဆာအနေနဲ့ထားတယ်၊ မရှိတဲ့အချိန်ကျတော့လည်း အရင်းအနှီးအနေနဲ့ ပြန်ရောင်းတာပေါ့၊ ကျွန်တော်တို့ ဒီရွှေက တစ်ပြည်လုံး အကုန်လုံး ပြန့်နေတဲ့ဟာက အခု ပြန်ရောင်းတဲ့ အခါကျတော့ ကျွန်တော်တို့က ကမ္ဘာ့ပေါက်စျေး မရဘူး၊ ကျွန်တော်တို့ ဝယ်ထားတဲ့အချိန်တုန်းက အားလုံးက ၁၂ သိန်း၊ ၁၃ သိန်း၊ အဲလို ကမ္ဘာ့ပေါက်စျေးနဲ့ ဝယ်ထားပြီးတော့ အခုပြန်ရောင်းတဲ့အခါကျ ကမ္ဘာ့ပေါက်စျေး မရဘူးဖြစ်နေတယ်၊ စားသုံးသူတော့ နစ်နာတာပေါ့"ဟု  ၎င်းက ထပ်မံပြောကြားသည်။

 

ထိုသို့ ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေစျေး လိုက်ပါမမြင့်တက်နိုင်ခြင်းမှာ ပြည်ပအဝယ် ရပ်နေသည့်အပြင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည်လည်း ကျဆင်းနေသောကြောင့်ဖြစ်ကြောင်း ဦးမျိုးမြင့် က ပြောသည်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၇၂ ဒေါ်လာရှိပြီး အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာလည်း ကျပ် ၁၃၈၇ သာရှိကြောင်း ငွေကြေးစျေးကွက်အတွင်းမှ သိရသည်။

 

ထို့ပြင် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း အဝယ်ထက် အရောင်းများနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

"အခု လောလောဆယ် အရောင်းများတယ်၊ အားလုံးက ငွေလိုနေတဲ့အချိန်ဖြစ်တယ်၊ လုပ်ငန်းတွေက အသစ် အကုန်လုံး ပြန်စတဲ့အခါကျတော့ လာပြန်ရောင်းတာတွေ များတယ်၊ တချို့ဆိုင်တွေဆိုရင် တစ်နေ့ကို ခြောက်ပိဿာလောက်ထိ လာပြန်ရောင်းတာတွေရှိတယ်"ဟု ဦးမျိုးမြင့် က ဆက်ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင် တစ်သောင်းကျော်ရှိပြီး ယခင်က တစ်နေ့လျှင် ရွှေပိဿာချိန် ၅၀ ခန့် အရောင်းအဝယ် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ​​လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင်  ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်)၊ မတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၁၄၈၀၀၀ (မတ် ၃၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၁၈၆၀၀ (မတ် ၄ ရက်)၊ ဧပြီတွင်မူ COVID- 19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားပြီး မေ ၁၈ ရက်တွင် ရွှေဈေးကွက်ပြန်ဖွင့်ကာ ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀၀ (မေ ၂၇ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၆၀၀၀ (မေ ၁၈ ရက်)တို့ ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာမူ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အ​ဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ​မြင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ငွေကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

ငြိမ်းငြိမ်း