ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံနှင့် အထည်ချုပ်၀န်ထမ်းများ အခွင့်အရေးနှင့် ဥပဒေရာများ အကြံဉာဏ်တောင်းနိုင်မည့် Hotline ပေါ်ထွက်

ရန်ကုန်  ၈  ဇွန်    

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအကြောင်းနှင့် ဆက်စပ်၍WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) နှင့် MOHS မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေး ကမ်ပိန်းများကို ပြုလုပ်ပေးလျက်ရှိသည်။

 

အဆိုပါ ကမ်ပိန်း များထဲမှ  Shwe Job Application တရားဝင် Facebook စာမျက်နှာပေါ်တွင် စက်ရုံနှင့် အထည်ချုပ် လုပ်ငန်းများမှ ဝန်ထမ်းများအား အလုပ်ခွင်ရေးရာနှင့် ကျန်းမာရေး အသိပညာပေးများကို အခါအားလျော်စွာ တင်ဆက်ပေးနေခြင်း ဖြစ်သည်။

 

ထို့ပြင် အခြားသော လှုပ်ရှားမှု ကမ်ပိန်းတစ်ခုအနေဖြင့် လတ်တလော စက်ရုံအလုပ်ရုံဝန်ထမ်းများ ကြုံတွေ့ရတတ်သော လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုများ၊ လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့်များ၊ အလုပ်ရှင်နှင့် ဝန်ထမ်းများအကြား လုပ်ခလစာညှိနှိုင်းမှုများနှင့် နေရပ်ပြန် အလုပ်သမားများအား ကူညီထောက်ပံ့မှုများ အစရှိသည့်ကိစ္စရပ်များနှင့် တိုက်ရိုက် ဆက်သွယ်ပြီး အကြံဉာဏ်ကောင်းများပေးနိုင်ရန် “Hotline” ဖုန်းနံပါတ်ကို Shwe Job Application မှ စီစဉ်မိတ်ဆက် ပေးလိုက်ပြီ ဖြစ်သည်။

 

Hotline နံပါတ်မှာ 09-750218900 ဖြစ်ပြီး လိုင်းခွဲနံပါတ် (၁) တွင် ဒေါက်တာရည်မွန်သင်း၊ ဒေါက်တာမြတ်သူရ၊ ဒေါက်တာအောင်သန်းတိုး တို့မှ COVID-19 ကျန်းမာရေးစောင့်ရှောက်ရေးဆိုင်ရာ မေးခွန်းများ၊ လိုင်းခွဲနံပါတ် (၂) တွင် CTUM Women Center ၏ ရှေ့နေ ဒေါ်သိင်္ဂီမှ ဥပဒေရေးရာ မေးခွန်းများကို ဖြေကြားပေးသွားမည် ဖြစ်သည်။ ယခုမိတ်ဆက်ပေးလိုက်သည့် Hotline အား ဆက်သွယ်လာသူများ၏ ကိုယ်ရေးအချက်အလက်များကို အပြင်သို့မပေါက်ကြားစေရန် ထိန်းသိမ်း ပေးထားမည်ဖြစ်ပြီး ကျွမ်းကျင်သူများဆီမှ ရရှိမည့် အကြံဉာဏ်များအတွက်လည်း ငွေကြေးတစ်စုံ တစ်ရာ ကောက်ခံမည်မဟုတ်ဘဲ အခမဲ့ မေးမြန်းတိုင်ပင်နိုင်မည်ဖြစ်သည်။ အဆိုပါ Hotline နှင့် လိုင်းခွဲ နံပါတ်များကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ် နိုင်ကြောင်း သိရသည်။

 

Shwe Job Application ကို ဖန်တီးမိတ်ဆက်ပေးခဲ့သည့် GIZ Fabric လူမှုအဖွဲ့အစည်း၏ စီနီယာ ပရောဂျက် မန်နေဂျာ ဒေါ်စုတာရာလင်းက  “လက်ရှိ COVID-19 ကာလအတွင်းမှာ ဝန်ထမ်းတချို့မှာ ကျွန်မတို့ သွားတွေ့ရတာက ကျန်းမာ‌ရေးဖြစ်စေ အလုပ်သမားရေးဖြစ်စေ သူတို့မှာ မရေရာမသေ ချာမှုတွေရှိနေပေမဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိပ်နားမလည်ကြပါဘူး။ သူတို့အတွက် တိုင်ပင် ဆွေးနွေး လမ်းပြပေးနိုင်မယ့် အကူအညီတွေလိုအပ်နေကြတယ်။ ဒီလိုအချိန်မှာ Shwe Job အနေနဲ့ ဝန်ထမ်းတွေလိုအပ်သမျှကို ကူညီပေးနိုင်အောင် သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သူတို့ဆီက အကြံပေးချက်တွေကို တိုက်ရိုက်ရယူနိုင် စေဖို့ Hotline  တစ်ခုကို အချိန်မီ စီစဉ်ပေးတာဖြစ် ပါတယ် “ဟုပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှု စတင်ချိန်မှစ၍ စက်ရုံအလုပ်ရုံ ဝန်ထမ်းများနှင့် အများပြည်သူ များအတွက် ဦးတည်ကာ Shwe Job Applicati on  Face book စာမျက်နှာ နှင့် YouTube ရုပ်သံတို့မှ ကျန်းမာရေး အသိပညာပေးနည်းလမ်းများ၊ ရောဂါကာကွယ်ရေး နည်းလမ်း များကို စိတ်ဝင်စားဖွယ် ရုပ်ပုံများနှင့်၊ ဗီဒီယိုအတိုများအသုံးပြုကာ စဉ်ဆက်မပြတ် တင်ဆက်မျှဝေ လျက်ရှိသည်။

 

ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော နောက်ဆုံး ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ သတင်းများနှင့် Shwe Job Application အကြောင်း ပိုမိုသိရှိလိုပါက တရား ဝင် Facebook စာမျက်နှာဖြစ်သော www.facebook.com/ShweJobApp/  တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

မောင်စိန်လွင်(မြန်မာ့အလင်း)