မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ ၃ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မြင်းခြံ ၆ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သာပေါင်းကျေးရွာအုပ်စု မြောက်ကျွန်းကျေးရွာတွင် ဇွန် ၆ ရက် ညနေ ၄ နာရီခန့်က လူ ၄ ဦး မိုးကြိုးပစ်ခံရ၍ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

မြင်းခြံမြို့နယ် သာပေါင်းကျေးရွာအုပ်စု မြောက်ကျွန်းကျေးရွာ အနောက်ဘက်ရှိ သလင်းပြင်တွင် နေလှမ်းထားသော နှမ်းများ မိုးမိမည်စိုးသဖြင့် မြောက်ကျွန်းကျေးရွာနေ ဦးကျော်လှိုင်၊ ဦးတင်ဝမ်း၊ ဒေါ်ခင်ညွှန့်လှိုင်၊ ဦးအောင်ငြိမ်းတို့သည် နေလှမ်းထားသော နှမ်းများ ရုပ်သိမ်းနေစဉ် မိုးရွာသွန်းခြင်းမရှိဘဲ မိုးအုံ့လာပြီး ရုတ်တရက်လျှပ်စီးတန်းကြီး ကျရောက်ကာ မိုးကြိုးပစ်လိုက်၍ လေးဦးစလုံး နေရာတွင် လဲကျသွားကြောင်း၊ အဆိုပါ နှမ်းရုပ်သိမ်းနေသော အခင်းနီးတွင် နှမ်းရုပ်သိမ်းနေသော မျက်မြင်တွေ့ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ဦးကျော်လှိုင်၊ ဦးတင်ဝမ်း၊ ဒေါ်ခင်ညွှန့်လှိုင်တို့ သုံးဦးသည် မိုးကြိုးထိခံခြင်းကြောင့် ရင်ဘတ် ညိုမဲဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးအောင်ငြိမ်းမှာ ရင်ဘတ်ညိုမဲ ဒဏ်ရာရရှိပြီး (မစိုးရိမ်ရ) သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအား စစ်ဆေးချက်ရယူနိုင်ရန်အတွက် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၆/၂၀၂၀) ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ကျော်စွာ(မြင်းခြံ)