၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ရွှေလင်ပန်းစက်မှုဇုန်တွင် ရေဝပ်ရေလျှံကင်းဝေးစေရန် (၄)မိုင်ကျော်အရှည်ရှိ ပင်မရေမြောင်းကြီး ဖောက်လုပ်မည်

ရန်ကုန် ၆ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်က တည်ဆောက်ခဲ့သော စက်မှုဇုန်များ၌ ရွှေလင်ပန်းစက်မှုဇုန်မှာ မိုးရာသီရေဝပ်ရေလျှံဖြစ်သော စက်မှုဇုန်တို့တွင် တစ်ခုအပါအဝင်ဖြစ်ရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်တွင် ရေဝပ်ရေလျှံမှုကင်းဝေးစေရန် (၄)မိုင်ကျော် ရှည်လျားသော ပင်မရေနုတ်မြောင်းကြီးတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီမှ သိရသည်။

 

“၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်မှာ ရွှေလင်ပန်းစက်မှုဇုန်အတွင်း ပင်မရေနုတ်မြောင်းကြီး တူးဖော်ဖို့ရှိပါတယ်။ စက်မှုဇုန်တွေမှာ အိုးအိမ်နဲ့စည်ပင် ကွဲပြားမှုမရှိတာတွေ ရှိနေတာကြောင့် လမ်းခင်းပြီး မြောင်းဖော်ဖို့လိုအပ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ခေါင်းစဉ်အောက်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်တာဖြစ်ပါတယ်။ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဝန်ကြီး ရေးဆွဲခဲ့တဲ့ စီမံကိန်းကို စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဆက်လက်အကောင်အထည်ဖော်ရာမှာ ပထမဆုံး စတင်ဆောင်ရွက်တဲ့လုပ်ငန်းပါ”ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

 

အဆိုပါ ပင်မရေမြောင်းကြီးတူးဖော်မှုသည် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြပြီး ခွင့်ပြုချက်ရပါက တိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေကြမ်းအဖြစ် ပြန်လည်တင်ပြ၍ အတည်ပြုပြီးပါက စက်မှုဇုန်ပင်မရေမြောင်းတူးဖော်မှုကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ဇုန်ပေါင်း(၂၉)ဇုန်တွင် ပထမဆုံး ပင်မရေနုတ်မြောင်းကြီးကို စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၃ ဒသမ ၆ ဘီလီယံကျော် ကုန်ကျမည်ဖြစ်၍ အဆိုပါစီမံကိန်းအား ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဝန်ကြီး ဦးမြင့်သောင်းမှ ရေးဆွဲခဲ့ခြင်းဖြစ်ရာ စက်မှုလက်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ဆောင်ရွက်ရန် ကဏ္ဍများစွာရှိသော်လည်း အဆိုပါစီမံကိန်းကို စတင်အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်တွင် စက်မှုဇုန်များ၌ စံပြပင်မရေနုတ်မြောင်းကြီး တူးဖော်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ စက်မှုဇုန်၏ အနော်ရထာကားလမ်းမကြီးနှင့်အပြိုင် တူးဖော်မည့် ပင်မရေနုတ်မြောင်းကြီးအား အရှည်(၄)မိုင်ကျော်၊ အကျယ်(၈)ပေ၊ အနက်(၁၀)ပေ မြောင်းအဖုံးများတပ်ဆင်၍ တည်ဆောက်သွားမည်ဖြစ်ပြီး ရွှေလင်ပန်းစက်မှုဇုန်အထက်ပိုင်းရှိ ရိုးကြီး၊ ရိုးလေးကျေးရွာနှင့် ချောင်းများမှ စီးဆင်းလာသောရေများ ရွှေလင်ပန်းစက်မှုဇုန်အတွင်း ရေဝပ်ရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ ခိုအောင်းနေသောရေများ လှိုင်မြစ်အတွင်း မြန်ဆန်စွာ စီးဆင်းနိုင်စေရန် အဆိုပါပင်မရေနုတ်မြောင်းကြီးကို တူးဖော်ခြင်းဖြစ်သည်။

 

ရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း(၄၀၀)ကျော်ရှိပြီး လုပ်သား(၂)သိန်းကျော်ရှိ၍ ကျုးကျော်အိမ်ခြေ (၃၀၀၀)ကျော်ရှိသောကြောင့် ၂၀၁၄ ခုနှစ်တွင် လယ်ကွင်းများနှင့် ရေမြာင်းအနီးတွင် ကျုးကျော်နေထိုင်မှု တိုးပွားလာသည့်အတွက် ရေနုတ်မြောင်းများ ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ စက်မှုဇုန်အတွင်းရှိ စက်ရုံများနှင့် လမ်းများ ရေဝပ်ရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပင်မရေမြောင်းကြီးတူးဖော်မှု စီမံကိန်းမတိုင်မီ ကျုးကျော်နေအိမ်များကို ကုလားကြီးစုကျေးရွာနှင့် ထိန်ပင်သုဿန်အနီးရှိ မြေဧက(၂၀၀)တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် အိမ်ရာများဖော်ဆောင်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ဒေါ်စန္ဒာမင်းက “စက်မှုဇုန်တွေမှာ အခုဖြစ်နေတာက စည်ပင်သာယာကို အချို့နေရာတွေမှာ လွှဲပေးပေမယ့် ဆောင်ရွက်နိုင်မှု လိုအပ်ချက်တွေရှိနေတယ်။ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပေါ်လာရင် ကော်မတီတစ်ရပ်ကို တိုင်းဒေသကြီးအစိုးရက ဖွဲ့ထားတာရှိတယ်။ စည်ပင်သာယာက မဆောင်ရွက်နိုင်ရင် ကော်မတီကဦးဆောင်ပြီးတော့ ဘတ်ဂျက်ငွေကို စက်မှုဇုန်များအတွက် လျာထားပေးမယ်ဆိုရင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာပါ။ ရန်ကုန်မြို့တွင်း (၃၃)မြို့နယ်နဲ့ စည်ပင်ပြင်ပ (၁၂)မြို့နယ်ကို စည်ပင်က ဆောင်ရွက်နေရတာကြောင့် ဇုန်(၂၉)ဇုန်မှာ စက်မှုဇုန်အင်္ဂါနဲ့ မပြည့်စုံမှုတွေရှိတဲ့အတွက် အခုချိန်ကစပြီး ဆောင်ရွက်ရမယ်ဆိုရင် အစိုးရက ဘတ်ဂျက်ကို နှစ်စဉ်လျာထားပေးပြီး ကော်မတီက ဆောင်ရွက်သွားခြင်းဟာ ရန်ကုန်မြို့တော် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်စေတာကြောင့် တာဝန်ယူမယ့်အစိုးရတစ်ရပ်အနေနဲ့ ဆက်လက်ဖော်ဆောင်ဖို့ ဆန္ဒပြုလိုပါတယ်”ဟု ပြောကြားသည်။

 

ဓာတ်ပုံ- သန်းစိုး - သန်းထိုက်