ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယကနှင့် အဖွဲ့ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ တောင်ရိုး၊ မုန်းဝန်း၊ ယင်းနက်တိုင်းရင်းသားများအား စားနပ်ရိက္ခာများ ဆက်လက်ပေးအပ်လှူဒါန်း

တောင်ကြီး ၆ ဇွန်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စည်ပင်သာယာရေး၀န်ကြီး ဦးစိုင်းစွံဆိုင်း၊ လွှတ်တော်ကိုယ်စားများ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များသည် ဇွန် ၆ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့နှင့် ကွန်ဟိန်းမြို့နယ်များသို့ သွားရောက်၍ ယင်းမြို့နယ်များတွင် နေထိုင်သည့် ရှမ်း၊ တောင်ရိုး၊ မုန်းဝန်း၊ ယင်းနက်နှင့် ပအိုဝ်း စသည့် အခြေခံတိုင်းရင်းသားပြည်သူများအား စားနပ်ရိက္ခာများ ဆက်လက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်နာယကနှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် ပင်လုံမြို့နယ် ကျူရုံးကျေးရွာသို့ ရောက်ရှိပြီး ယင်းနက်တိုင်းရင်းသား အခြေခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀၀၀၀ စီအားလည်းကောင်း၊ ပင်လုံမြို့ ရှမ်းပိဋကတ်ကျောင်းတိုက်သို့ ရောက်ရှိကာ ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ မိုင်းပန်မြို့ ပန်ပိုဘုန်းတော်ကြီးကျောင်း ပြုပြင်တည်ဆောက်ရန်အတွက် ဘိလပ်မြေအိတ် (၂၀၀၀) အား လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းမှတစ်ဆင့် နောင်ကွတ်ကျောင်းတိုက်သို့ သွားရောက်ကာ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး ပင်လုံ၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်များမှ ရှမ်း၊ တောင်းရိုး၊ မုန်းဝန်းနှင့် ပအိုဝ်း၊ ယင်းနက်တိုင်းရင်းသား အခြေခံပြည်သူများအတွက် စားနပ်ရိက္ခာထုပ် (၅၂၀၀)ထုပ်နှင့် ငွေကျပ် ၁၀၀၀၀ စီအားလည်းကောင်း၊ လွိုင်လင်မြို့၊ ဓာတ်တော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် နမ့်စန်မြို့ သုခိတာရုံကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်အတွက် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း၍ နမ့်စန်မြို့ရှိ ရှမ်း၊ ပအိုဝ်း၊ ဗမာနှင့် ယင်းနက်တိုင်းရင်းသား အခြေခံပြည်သူများအားလည်းကောင်း၊ တာဆန်းကျေးရွာရှိ ယင်းနက်တိုင်းရင်းသား အခြေခံပြည်သူများအားလည်းကောင်း၊ ရိက္ခာထုပ်(၈၀၀)ထုပ်နှင့် ငွေကျပ် ၁၀၀၀၀ အား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ခိုလမ်မြို့သို့ ရောက်ရှိပြီး ကမ္ဘောဇဘဏ်လီမိတက်မှ ငွေကျပ် သိန်း ၄၃၀၀၀ အကုန်ကျခံ လှူဒါန်းခဲ့သည့် ခိုလမ်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုများ၊ ဆေးရုံတက်လူနာများအား စားနပ်ရိက္ခာထုပ် (၂၀၀)ထုပ်နှင့် ငွေကျပ် ၁၀၀၀၀ စီအား လည်းကောင်း ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်မှ မတည်ငွေကျပ် သိန်း ၁၀၀၀၀ ကျော်နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာဒေသများသို့လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများသို့လည်းကောင်း၊ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ပြီး COVID-19 ရောဂါ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား စောင့်ကြည့်ရေးစခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား နေရာအရောက် ဆလက်လက်ပေးပို့ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

 

စိုးညွန့်ရွှေ(ပြည်နယ် ပြန်/ဆက်)