အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ နေ့စဉ်မြင့်တက်

တီဟီရန်   ၆  ဇွန်

အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ နေ့စဉ် မြင့်တက်နေသဖြင့် နိုင်ငံအတွင်းသို့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဒုတိယလှိုင်းဝင်ရောက်လာမည်ကို ပြည်သူများက စိုးရိမ် နေကြသည်။ ဇွန် ၃ ရက်မှစတင်ပြီး ယနေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၃၅၇၄ ခုကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အီရန်သမ္မတ ရိုဟာနီက ပြည်သူများအား ခပ်ခွာခွာနေရေးစည်းမျဉ်းကို မလိုက်နာပါက အသွားအလာ ကန့်သတ်မှုများကို ထပ်မံ ချမှတ်ရမည်ဟု ပြောကြားသည်။

နိုင်ငံအတွင်းရှိခရိုင်အများအပြားတွင် သတိပေးချက်များ ထုတ်ပြန်ထားပြီး နိုင်ငံ၏အနောက်တောင်ပိုင်းရှိ ခူဇီဆတန်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ ထားသည်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်များအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ မြင့်တက်လာရခြင်းမှာ နိုင်ငံသားများအနေဖြင့် ခပ်ခွာခွာနေရေးစည်းမျဉ်းများကို လိုက်နာခြင်းမရှိသောကြောင့်ဟုပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယလှိုင်း ဝင်ရောက်လာနိုင်သည်ဟု တာဝန်ရှိသူများက သတိပေးထားသော်လည်း နိုင်ငံသားများအနေဖြင့် ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရန် စိတ်ပါဝင်စားမှုမရှိကြောင်း သိရသည်။

ဧပြီလအစောပိုင်းမှစတင်ပြီး အစိုးရကကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်ကြိုးပမ်းခဲ့သည်။

“နိုင်ငံသားတွေက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ပြီးဆုံးသွားပြီလို့ ထင်နေပါတယ်။ သူတို့အနေနဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင်တော့ တာဝန်ရှိသူတွေဘက်က ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်”ဟု ကျန်းမာရေးဝန်ကြီး နာမာကီက ပြောသည်။

ကိုးကား-ဘီဘီစီ၊ ဘာသာပြန်-စိုးသူရ