ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၀၀၀၀ ကျော် ရှိလာပြီး  ၈၁၁  ဦးသေဆုံး

ဒါကာ ၅ ဇွန်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၂၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ကူးစက်ခံရသူ ပေါင်း ၆၀၃၉၁ ဦး ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့ပြောကြားသည်။

 

ထို့အတူ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ခုနစ်ဦး အပါအဝင် ရောဂါကူးစက်ခံရသူ ၃၀ ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၈၁၁ ဦး ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခနာဆီမာ ဆူလ်တနာက အွန်လိုင်းမှ တစ်ဆင့် ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် တွင် ပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၂ ရက်က တစ်ရက်အတွင်း ၂၉၁၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့ချိန်ကတည်းက တစ်ရက်တာတွင်း ရောဂါကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရောဂါ စမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း  လူ ၁၄၀၈၈ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၄၃ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများနှင့် ဆေးခန်းများမှ ထပ်မံပြန်ဆင်းခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၂၈၀၄ ဦး ရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ