မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းကို ၂၀၂၂ အာရှ ယူ-၂၀ ပြိုင်ပွဲအထိ ရည်ရွယ်ပြင်ဆင်မည်

၅ ဇွန်

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည်  မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းကို ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည်အထိ ရည်ရွယ်ပြင်ဆင်သွားမည် ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယခင်က မေလဆန်းတွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် နောက်ဆုတ်ခဲ့ရပြီး ရောဂါအခြေအနေတည်ငြိမ်သွားမှသာ ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၆ အသင်းမှ ကစားသမားများကို အခြေခံဖွဲ့စည်းသွားမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း တစ်ခုတည်းသော နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျင်းပမည့်ရက်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

 

ထို့ပြင် ၂၀၂၂ အာရှ ယူ-၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာအသင်းသည် ၂၀၁၉ အာရှယူ-၁၉/ ယူ-၂၀ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲ နှစ်ခုစလုံးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။


 
အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲကို လာမည့်အကြိမ်မှစတင်ကာ ယူ-၂၀ ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီး ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းနှင့် ကျင်းပမည့်နှစ်တို့ တူညီစေရန် ၂၀၂၁ ခုနှစ်တွင် ကျင်းပရမည့်အစား ၂၀၂၂ ခုနှစ်တွင် အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းကို ကိုင်တွယ်မည့် ဒေါ်သက်သက်ဝင်းသည် ၂၀၁၉ အာရှ ယူ-၁၉ ပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရရန် စွမ်းဆောင်ပေးခဲ့သည့် နည်းပြတစ်ဦးလည်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်