ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိ

ပြင်ဦးလွင်  ၅  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းလိုင်စင်လုပ်ငန်းများအား ဇွန် ၈ ရက်နေ့(တနင်္လာနေ့)တွင် စတင် ပြန်လည်ဆောင်ရွက် ရန်အတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ပြင်ဦးလွင်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုလုပ်ငန်းများအား မတ် ၃၀ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံမှုမဖြစ်ပွားစေရေးအတွက် ခေတ္တ ရပ်နားထားခဲ့ရာ ယခုဇွန်လ ၈ရက်နေ့မှစပြီး ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ခေတ္တ ရပ်နားထားသည့် ကာလအတွင်း သက်တမ်းတိုးရမည့် မှတ်ပုံတင်ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင် များ၏ သက်တမ်းလွန်ဒဏ်ကြေး၊ ရက်လွန်ဒဏ်ကြေးများအား သတ်မှတ်ထားသည့် ကာလများတွင် သက်တမ်းတိုးဆောင်ရွက်ပါက ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပန်းဖြူစိုးထံမှသိရ သည်။

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့် အညီနှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ ရုံးပြင်ပတွင် လက်ဆေးဘေစင်‌များ တပ်ဆင်ပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာ ခြင်းများပြုလုပ်ပြီး ကိုယ်ရေးအချက်အလက်များအား မှတ်တမ်းသွင်းပြီးမှသာ ရုံးဝင်းအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း၊ ရုံးတွင်း၊ အပြင်တွင်လည်း လက်ဆေး ဘေစင်များ၊ အသိပညာပေးဗီနိုင်းများ ထားရှိပေးထားကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည်များကို ဖုန်း ၀၈၅- ၂၀၂၂၇၁၂သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ဦးစီးဌာန၏ website ဖြစ်‌သော rtad.gov.mm တွင်လည်း အသေးစိတ်ဝင်‌ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

မြတ်ဆုမွန်