ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် စုပေါင်း သန့်ရှင်းရေးနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု ၂၃  မေ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ် တားဆီးရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး နှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျွန်းစုမြို့နယ်ရှိ အ.ထ.က စာသင်ကျောင်းတွင်း ကျောင်းပြင်၌ ခြုံနွယ်ပိတ်ပေါင်းများ၊ ခြင်ခိုအောင်းနိုင်သော မြက်ပင်၊ ခြုံနွယ်ပင်၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးမှ ဦးဆောင်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကျွန်းစုမြို့ ကရုဏာနာရေး ကူညီမှုအသင်းဝင်များ၊ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်က စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များအား အိမ်တိုင်းစေ့ အဘိတ်ဆေးခပ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

သတင်းပေးပို့သူ - မင်းကျော်စော(ပြန်/ဆက်)