ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

(၂၂-၅-၂၀၂၀ ရက်၊ နေပြည်တော်)

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား(၇၂)ဦးနှင့် ဘယ်ဂျီယံနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကာတာနိုင်ငံ၊ ဗြိတိန် နိုင်ငံ၊ အီတလီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့မှ မြန်မာနိုင်ငံသား (၆၀) ဦး စုစုပေါင်း (၁၃၂) ဦးတို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ညနေ(၂၀:၀၀)နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ထို့ပြင် ပြင်သစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား (၇) ဦးနှင့် အီတလီနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေကြသည့် မြန်မာသင်္ဘောသား (၂၅) ဦး၊ စုစုပေါင်း (၃၂) ဦး ကိုလည်း ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသည့် အထူးလေယာဉ် Amelia- NL 401 ဖြင့် ပြန်လည်ခေါ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ရာ ယနေ့နံနက်(၉:၄၅)နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ထိ မြန်မာနိုင်ငံသား စုစုပေါင်း (၂၂၀၁) ဦး အား ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။

 

Crd > Ministry of Foreign Affairs Myanmar