မိတ္ထီလာခရိုင်အတွင်း ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထွန်စက်ငှားရမ်း ထွန်ယက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

မိတ္ထီလာ ၂၂ မေ

 

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များရှိ ဒေသခံတောင်သူများ၏ မိုးကြိုကာလ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် ထွန်စက်များ ငှားရမ်းထွန်ယက်ပေးခြင်းကို ခရိုင်စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“အခု မိုးဦးမိုးကြိုကာလမှာ မိတ္ထီလာခရိုင်အတွင်းက မြို့နယ် ၄ ခုမှ တောင်သူများများအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလိုအပ်လျက်ရှိတဲ့ ထွန်စက်ငှားရမ်း ထွန်ယက်ပေးခြင်းကို ခရိုင်စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ဝန်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုလယ်ယာဦးစီးဌာနရဲ့ ထွန်ယက်စက်များ ငှားရမ်းထွန်ယက်ချင်လို့ပဲဖြစ်ဖြစ်၊ တောင်သူများရဲ့ထွန်စက်များ  စက်ပိုင်းဆိုင်ရာ ချို့ယွင်းလို့ပြုပြင်စရာရှိလို့ပဲဖြစ် ခရိုင်စက်မှုလယ်ယာဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များမှာရှိတဲ့  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနကိုလည်း  ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  ထွန်စက်တွေ ချို့ယွင်းလို့ပြုပြင်လိုတဲ့အခါ မောင်းနှင်လို့ရသေးရင် စက်မှုလယ်ယာဦးစီးဌာနရဲ့ အလုပ်ရုံဝပ်ရှော့အထိ မောင်းနှင်လာရင် ပြုပြင်ဆောင်ရွက်ပေးရတာ ပိုမိုမြန်ဆန်ပြီးစီးနိုင်ပါတယ်။ တကယ်လို့ မောင်းနှင်လာဖို့ အဆင်မပြေဖြစ်တဲ့ ထွန်စက်တွေကိုလည်း အဲဒီပြုပြင်ဖို့လိုအပ်တဲ့ စက်တွေရှိရာအထိကို အရောက်သွားပြီး ကွင်းဆင်းပြုပြင် ဆောင်ရွက်ပေးပါတယ်”ဟု ခရိုင်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးမြင့်ဌေးက ပြောသည်။

 

ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထွန်စက်ငှားရမ်းထွန်ယက်ပေးခြင်း၊ လယ်ယာမြေပြုပြင်ခြင်းများ ဆောင်ရွက်ပေးရာတွင် တောင်သူများ ပိုမိုစရိတ်သက်သာ အဆင်ပြေစေရန်အတွက် ယခင်နှစ်များထက် ငှားရမ်းဝန်ဆောင်ခများကို လျှော့ချပေးထားကြောင်း          ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)