ကိုဗစ်-၁၉ သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပ

နေပြည်တော်   ၂၂   မေ 

Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာ နေရာဒေသများမှ လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၂)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဝန်ဆောင်ကဏ္ဍတို့မှ လုပ်ငန်းအသစ် (၉)ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၈၄ ဒသမ ၂) သန်းနှင့် ငွေကျပ် (၉၆,ဝ၃၄ ဒသမ ၄၅၁) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၄,၁၈၀) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁) နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၇၄ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ဝ၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၁၆ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

သတင်းစဉ်