ခရီးသည် ၁၀ဝ ကျော် လိုက်ပါသည့် ပါကစ္စတန်လေယာဉ် ကရာချိမြို့ လူနေရပ်ကွက်၌ ပျက်ကျ

ကရာချိ   ၂၂   မေ 

ခရီးသည် ၁၀ဝ ကျော် တင်ဆောင်သည်ဟု ယူဆရသော ပါကစ္စတန်ခရီးသည်တင် လေယာဉ်တစ်စင်းသည် ကရာချိမြို့ တောင်ဘက်တွင် ယနေ့ပျက်ကျသွားကြောင်း ပါကစ္စတန်လေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားသည်။

ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှ အဆိုပါ လေယာဉ်သည် နိုင်ငံ၏ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် ကရာချိ မြို့ တောင်ဘက် လူနေရပ်ကွက်တွင် အရှိန်ဖြင့်ထိုးကျခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်လေယာဉ်သည် ကရာချိမြို့မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသည့် ခရီးသည်ဦးရေကို အတည်ပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ကနဦးရရှိထားသည့်သတင်းများအရ အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ၉၉ ဦးနှင့် လေယာဉ်အမှုထမ်း ၈ ဦးတို့ပါဝင်သည်ဟု သိရကြောင်း ပါကစ္စတန်လေကြောင်း အာဏာပိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဗ္ဒူလ်ဆတ်တာခိုခါက ပြောကြားသည်။ အဆိုပါ လေယာဉ်သည် လာဟောမြို့မှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ပြည်တွင်းနှင့် ပြည်ပလေကြောင်းလိုင်းအားလုံးကို ပိတ်ပင်တားမြစ်ထားပြီး နိုင်ငံအတွင်း ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ ပြည်တွင်းလေကြောင်းလိုင်းများကို ပြန်လည်စတင်ခဲ့ပြီးနောက် ရက် အနည်းငယ်အတွင်းမှာပင် ယခုကဲ့သို့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အတူ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်က ပါကစ္စတန်လေကြောင်းလိုင်မှ လေယာဉ်တစ်စင်းသည် ဝေးလံခေါင်းဖျားသောဒေသမှ အစ္စလာမ္မာဘတ်မြို့ မြောက်ဘက်သို့ ဦးတည်ပျံသန်းနေစဉ် အင်ဂျင်စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျသွားပြီး လေယာဉ်ပေါ် လိုက်ပါသည့် ခရီးသည် ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ