နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ် တည်ဆောက်ပြီးစီးပါက နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထား

မေ ၂၂

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ပံ့ပိုးမှုဖြင့် တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ် ပြီးစီးသွားပါက နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် စီစဉ်ထားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းများယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ခုကို ကျင်းပနိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများတွင် စတင်ယှဉ်ပြိုင်ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကိုသာ ၂၀၁၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး လက်ရွေးစင်အဆင့်ပြိုင်ပွဲဖြစ်သည့် အာဆီယံ ဖူဆယ်ပြိုင်ပွဲကို လက်ခံကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံပြီးစီးသွားပါက လက်ရွေးစင်အဆင့် နိုင်ငံတကာပြိုင်ပွဲများကို လက်ခံကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းဖူဆယ်အားကစားရုံကို ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် ပန္နက်တင်အခမ်းအနားပြုလုပ်ကာ စတင်တည်ဆောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် လုပ်ငန်းကြန့်ကြာမှုများ ရှိခဲ့သောကြောင့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။ ရန်ကုန်မြို့တွင် ဖူဆယ်အားကစားရုံ သီးသန့်မရှိသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ၂၀၀၀ ကျော် ဝင်ဆံ့မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အားကစားရုံအခက်အခဲကြောင့် ပြည်တွင်းပြိုင်ပွဲများ ကျင်းပရာတွင် အခက်အခဲများရှိခဲ့ပြီး ယခုအားကစားရုံပြီးစီးသွားပါက ပြည်တွင်းပြိုင်ပွဲများ တိုးမြင့်ကျင်းပနိုင်မည် ဖြစ်သည်။

 

ညီမြတ်သော်တာ