ချုပ်ချယ်ကန့်သတ်မှုမဲ့ မိုးကောင်ကင်စာချုပ်ကို လိုက်နာမည်ဖြစ်ကြောင်း  ရုရှားပြောကြား

မော်စကို ၂၂ မေ

 

အမေရိကန်သမ္မတက ချုပ်ချယ်မှုမဲ့ မိုးကောင်းကင်စာချုပ်ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ရုရှားနိုင်ငံက ၎င်းစာချုပ် အာဏာတည်ရှိသမျှ ကာလပတ်လုံး စာချုပ်ကို လိုက်နာသွားမယ်လို့  ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ဒီနေ့ ပြောကြားလိုက်သည်။

 

မိမိတို့အနေဖြင့် လက်တွေ့ကျသည့် ကိုင်တွယ်ဖြေရှင်းနည်း လိုအပ်ကြောင်း၊ ၎င်းစာချုပ် အာဏာအသက်ဝင်နေသမျှ ကာလပတ်လုံး ၎င်းစာချုပ်မှ ရုရှားနိုင်ငံနှင့် သက်ဆိုင်သည့် တာဝန်များနှင့် အခွင့်အရေးများကို အပြည့်အဝ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး  အလက်ဇန္ဒား ဂရက်ရှ်ကို က အာရ်အိုင်အေ နိုဗိုစတီ သတင်းအေဂျင်စီ သို့ ပြောကြားသည်။

 

ရုရှားနှင့် အခြားနိုင်ငံ ၃၂ နိုင်ငံတို့နှင့် ချုပ်ဆိုထားသည့် ချုပ်ချယ်မှုမဲ့ မိုးကောင်းကင်စာချုပ်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ရန် စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ကြာသပတေးနေ့က ကြေညာခဲ့သည်။ ၎င်းစာချုပ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သမ္မတတာဝန် ထမ်းဆောင်ချိန်မှစ၍ တတိယမြောက် ပယ်ဖျက်သည့် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ဖြစ်သည်။

 

ရုရှားနိုင်ငံက ၎င်းစာချုပ်ကို မလိုက်နာကြောင်း၊ ရုရှားနိုင်ငံက မလိုက်နာမချင်း အမေရိကန်နိုင်ငံက စာချုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်များကို ပြောကြားသည်။ ၎င်းစာချုပ်သည် နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်ကို အခြားနိုင်ငံအပါ်မှ တစ်နှစ်အတွင်း လက်နက်မဲ့ ထောက်လှမ်းပျံသန်းမှု  အကြိမ်ရေ အနည်းငယ်ကို အချိန်ကပ်၍ ဆောင်ရွက်ခွင့်ပြုသည်။

 

၎င်းစာချုပ်၏  ရည်ရွယ်ချက်သည်  အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှု တိုးမြှင့်ရန် ဖြစ်သည်။  ၂၀၀၂  ခုနှစ်က စတင်အသက်ဝင်သည့် ၎င်းစာချုပ်ကို နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေးတွင်  အရေးပါသည့် စာချုပ်တစ်ခုအဖြစ် ရှုမြင်ကြသည်။

 

အခြားနိုင်ငံများကလည်း ထိုနည်းတူ လုပ်ဆောင်မည်ဆိုသည့် အခြေခံအချက်အပေါ် မူတည်၍  ရုရှားနိုင်ငံက ပြုမူဆောင်ရွက်ခဲ့ကြောင်း၊  စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏  တာဝန်များကို  တာဝန်သိသိဖြင့် ချဉ်းကပ်ဆောင်ရွက်ခဲ့ကြောင်း  ဂရက်ရှကိုက ပြောကြားသည်။

 

၎င်းစာချုပ်မှ အမေရိကန် နုတ်ထွက်ခြင်းသည်  ဉရောပလုံခြုံရေးကို ထိခိုက်နိုင်ပြီး အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများ၏  အကျိုးစီးပွားကို  အန္တရာယ်ဖြစ်စေနိုင်ကြောင်း  ၎င်းက ကြာသပတေးနေ့က ပြောကြားခဲ့သည်။

 

ကိုးကား- အေအက်ဖ်ပီ