ကာဘယ်လီယိုနှင့် ဂျီရုဒ်ကို ချယ်လ်ဆီး သက်တမ်းတိုးစာချုပ်ချုပ်ဆို

၂၁  မေ

ချယ်လ်ဆီးအသင်းသည် ဂိုးသမား ကာဘယ်လီယိုကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ဂိုးသမား ကာဘယ်လီယိုကို နောက်ရာသီကုန်အထိ အသင်းတွင် ဆက်လက်ထိန်းထားနိုင်တော့မည်ဖြစ်သည်။

အသက် ၃၈ နှစ်အရွယ်ရှိ အာဂျင်တီးနားဂိုးသမားသည် လာမည့်ဇွန်လတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်ထားသူ ဖြစ်သည်။ ကာဘယ်လီယိုသည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဘောလုံးပွဲများ ရပ်နားထားချိန်တွင် ချယ်လ်ဆီးအသင်းအတွက် ယခုနှစ်ရာသီတွင် ကိုးပွဲ ပါဝင်ကစားထားကြောင်း သိရသည်။ နည်းပြ လမ်းပတ်သည်အသင်း၏ ပထမဂိုးသမား ကီပါကို ယုံကြည်မှုကင်းမဲ့လာပြီးနောက် ကာဘယ်လီယိုကို အသုံးပြုလာခဲ့ခြင်းလည်းဖြစ်သည်။

ကာဘယ်လီယိုသည် ၂၀၁၇ ခုနှစ်တွင် ပရီမီယာလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းမှ ချယ်လ်ဆီးအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ဂျီရုဒ်ကိုလည်း နောက်ထပ် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အင်တာမီလန်အသင်းမှချယ်လ်ဆီးနည်းပြဟောင်း ကွန်တီသည် ဂျီရုဒ်ကို သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူရန် ကမ်းလှမ်းထားကြောင်းလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသည်။

ပရီမီယာလိဂ်သည် လာမည့်ဇွန်လတွင် ပြန်လည်စတင်နိုင် ဖွယ်ရှိနေသောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် အဆိုပါ ကစားသမားနှစ်ဦးကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခြင်းက နည်းပြလမ်းပတ်အတွက် ကစားသမားရွေးချယ်အသုံးပြုရာတွင် အသက်ရှူချောင်သည့် အနေအထားတွင် ရှိလာခဲ့သည်။

နောက်ဆုံးထွက်ပေါ်လာသော သတင်းများအရ ချယ်လ်ဆီးအသင်းမှ ပက်ဒရိုနှင့် ဝီလီယံတို့သည် အသင်းနှင့် စာချုပ်သက်တမ်း ဇွန်လကုန်တွင် ကုန်ဆုံးသည့်အခါ ယခုနွေရာသီတွင် စတန်းဖို့ဒ်ဘရစ်မှ ထွက်ခွာရန်

သေချာသလောက်ရှိနေကြောင်း ဖော်ပြထားသည်။ ပက်ဒရိုသည် ကလပ်အသင်းအများအပြားမှ ကမ်းလှမ်းမှုများ လက်ခံရရှိထားကြောင်း ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။ ၎င်းသည် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားထားကြောင်း သိရသည်။

အခြားသတင်းများတွင် ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ဗဟိုခံစစ်ကစားသမားဇာဗီရာ အမ်ဘူယမ်ဘာကိုခေါ်ယူရေးတွင် ပြိုင်ဘက်အသင်းများထက် ဦးဆောင်နေကြောင်း အသက် ၁၈ နှစ်အရွယ် ကစားသမား၏ အေးဂျင့်၏အဆိုအရ သိရသည်။

အောင်ဇော်