အက်ရှင်အေ့(ဒ်)မြန်မာမှ ကလေးသူငယ် ၄၀၀၀ ကျော်အတွက် ဆန်နှင့်ကုလားပဲများထောက်ပံ့ပေးအပ်

 

ပခုက္ကူ ၉   ဧပြီ

 

အက်ရှင်အေ့(ဒ်)မြန်မာက ပခုက္ကူမြို့နယ်အတွင်းရှိ စီမံချက်ဝင်ကျေးရွာ(၃၀)ရှိ ကလေးသူငယ် ၄၀၀၀ ကျော်အတွက် ဆန်နှင့်ကုလားပဲများကို ဧပြီ ၈ရက် မွန်းလွဲပိုင်းက နေရပ်အသီးသီးသို့ လိုက်လံ ခွဲဝေထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အက်ရှင်အေ့(ဒ်)မြန်မာက ဆောင်ရွက်လျက်ရှိသော စီမံချက်ဝင်ကျေးရွာများဖြစ်သည့် ဆင်လမ်း၊ ထန်းပင်ကန်၊ ဘဲရွာသစ်၊ အနောက်နံဂါတ်၊ ညောင်ပင်စသည့် ကျေးရွာ (၃၀)ရှိ အသက်(၁၈)နှစ်အောက် ကလေးသူငယ် (၄၇၁၃)ဦးအား တစ်ဦးလျှင် ဆန်တစ်ပြည်နှင့်ကုလားပဲ၊ နို့ဆီဘူး တစ်ဘူးစီကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။

 

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်နေစဉ် ကာလအတွင်း ကလေးသူငယ်များ အာဟာရဓာတ် ပြည့်ဝစေရန်အတွက် စုစုပေါင်း ဆန်(၁၉၇)အိတ်နှင့်ကုလားပဲ(၂၅)အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အက်ရှင်အေ့(ဒ်)မြန်မာ၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဒေါ်ခင်စောဝင်း၏ ပြောကြားချက်အရ သိရသည်။

 

စီမံချက်ဆောင်ရွက်နေသည့် မြိုင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ကိုဇော်(ဓာတု)