နွေအပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ဆိုရင်

နွေရာသီရဲ့ တကယ့်ကို အပူပြင်းဆုံးအချိန်ကာလကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပါပြီ။ COVID-19 ကပ်ဘေးကြောင့် လူအများစုဟာ နေအိမ်တွေမှာပဲရှိနေကြတာများပါတယ်။

 

ဒါပေမယ့် နွေရာသီရဲ့ အလယ်ခေါင်ကာလကြီးမဟုတ်လား။ အပူရှိန်ဟာ တဖြည်းဖြည်း မြင့်တက် လာနေပြီမို့ နေအိမ်မှာ နေရထိုင်ရတာကလည်း သက်သောင့်သက်သာ အနေအထားတော့ မဟုတ်လှပါဘူး။

 

ဒီလိုပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ရာသီဥတု ပူပြင်းတာမို့ ရောဂါဘယကူးစက်နိုင်ခြေမြင့်မားပြီး အရေပြားရောဂါတွေ၊ နေလောင်တာ၊ လေဖြတ်တာနဲ့ ရေဓာတ်ဆုံးရှုံးနိုင် တာတွေ ဖြစ်နိုင်ခြေမြင့်မားလှပါတယ်။

 

ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြုစုနိုင်ပါတယ်။

 

ရေဓာတ်မဆုံးရှုံးပါစေနဲ့

 

နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်းလည်း အဆိုပါ ပမာဏအတိုင်း သောက်ပေးပါ။ တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၉ ခွက်ဝန်းကျင်အထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်သွားဖို့လဲ မမေ့ပါနဲ့။

 

လေ့ကျင့်ခန်းအလွန်အကျွံမလုပ်ပါနဲ့

 

အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုးတွေ ကိုယ်တွင်းအပူချိန် ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရမ်းကို အထောက်အကူပြုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကိုယ်က နေ့စဉ် လေ့ကျင့်ခန်းလုပ်နေကျလူမျိုးဆိုရင် ပေါ့ပါးတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ ယောဂလို လေ့ကျင့်ခန်းမျိုးတွေပဲ လုပ်ပါ။ အလွန်အမင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ ပူပြင်းတဲ့ရာသီဉတုနဲ့ မသင့်လျော်ပါဘူး။

 

အာဟာရပြည့်ဝအောင် စားသောက်ပါ

 

အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေ အနေနဲ့ Diet စတိုင်နဲ့ စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာ စားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စား အစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။

 

အစားအသောက်ကို နည်းနည်းစီ ခွဲစားပါ

 

ပူတဲ့ရာသီတွေမှာ အစားအသောက်ကို အများအပြား အလွန်အကျူး စားသောက်တာမျိုးထက် နည်းနည်းစီ အကြိမ်ကြိမ် ခွဲစားတာမျိုး ပိုလုပ်သင့်ပါတယ်။ ဒီလိုလုပ်တာက ကျန်းမာရေးအတွက် ပိုအထောက်အကူပြု စေနိုင်ပါတယ်။ ပျင်းရိတာမျိုး လေးကန်တာမျိုးလည်း ဖြစ်စေတော့မှာ မဟုတ်ပါဘူး။

 

အသားအရည် ထိန်းသိမ်းပါ

 

ကိုယ်က လှလှပပမနေတတ်ရင်တောင်မှ အရေပြားခြောက်သွေ့ပြီး အရေပြားရောဂါတွေ မဖြစ်ပေါ်စေဖို့ Sun Cream လို Moisturizer လို အရာမျိုးတွေ သုံးပေးဖို့ လိုအပ်မှာပါ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ ရာသီမျိုးမှာ တစ်နေ့ကို ၃ ကြိမ်လောက် အရေပြားစိုစွတ်အေးမြစေမယ့် ခရင်မ်မျိုးတွေ လိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

မူးယစ်သောက်စားခြင်းကို ရှောင်ကျဉ်ပါ

 

သောက်သောက်စားစား လူ့မင်းသားတွေကို မသောက်နဲ့လို့ ပြောဖို့က အတော်ခက်ပါတယ်။ ဘယ်အချိန် ဘယ်ရာသီမဆို သောက်ကြမှာ သေချာနေတာကြောင့်ပါပဲ။ ဒါပေမယ့် ပူပြင်းခြောက်သွေ့တဲ့ ရာသီမျိုးမှာ အရက်သေစာ မှီဝဲတာဟာ ရေဓာတ်ဆုံးရှုံးနိုင်ခြေမြင့်မားပြီး တခြားကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တာမို့ လုံးဝမရှောင်ကျဉ်နိုင်ရင်တောင် သိသိသာသာ လျှော့ချသင့် ပါတယ်။

 

ထိခိုက်ဒါဏ်ရာ ရရင် ဂရုစိုက်ပါ

 

ပူတဲ့ကာလတွေမှာ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေကို ကုသရတာ ပိုပြီး လက်ဝင်ပါတယ်။ သွေးပိုထွက်လာနိုင်တာမျိုးဖြစ်နိုင်သလို ပိုးမွှားတွေ ကူးစက်နိုင်ခြေလည်းများပါတယ်။ first aid kit တွေကို ကြိုတင်ဆောင်ထားသင့်သလို လိုအပ်မယ့် ဆေးဝါးမျိုးတွေကိုလည်း ကြိုတင်စုဆောင်း သိမ်းဆည်းထားသင့်ပါတယ်။

 

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”