ဝူဟန်မြို့မှာ အဝင်အထွက်ပိတ်ဆို့မှု ဖယ်ရှားလိုက်ခြင်းနဲ့အတူ ပြည်သူများရဲ့ ပျော်ရွှင်မှုများက ကမ္ဘာကြီးကို မျှော်လင့်ချက်ရောင်ခြည်သန်းစေ

ထွန်းသစ်စ

 

သက်ဆိုင်ရာ အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဗဟိုချက်နေရာရဲ့ လအတော်ကြာချမှတ်ထားတဲ့ အသွားအလာကန့်သတ်ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ပြီးနောက်မှာ စိတ်သက်သာရာရလာတဲ့ နိုင်ငံသားပေါင်း ထောင်ပေါင်း များစွာဟာ တရုတ်နိုင်ငံရဲ့ ကုန်းတွင်းပိုင်းမြို့ဖြစ်တဲ့ ဝူဟန်မြို့ကနေ တသီတတန်းကြီး ထွက်ခွာလာခဲ့ကြပါတယ်။ အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးက သက်သာလာတဲ့အနေအထားဟာ ကမ္ဘာကြီးကို မျှော်လင့်ချက်တချို့ ပေးလိုက်သလိုရှိပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးမှု တွေဟာ မှတ်တမ်းတင်ရလောက်အောင် မြင့်တက်ခဲ့တယ်ဆိုတာကိုတော့ ငြင်းမရခဲ့ပါဘူး။

 

အထူးကြပ်မတ် ကုသမှုခံယူနေ

လွန်ခဲ့တဲ့နှစ်နှောင်းပိုင်း ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမြို့ဖြစ်တဲ့ ဝူဟန်က စတင်မြစ်ဖျားခံလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကျပ်အတည်းအပေါ် ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ တရုတ်နိုင်ငံအပေါ် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘက်လိုက်တယ်ဟု ထင်မြင်ကာ အဲဒီအဖွဲ့အပေါ် ထောက်ပံ့ထားတဲ့ ရန်ပုံငွေတွေကို လျှော့ချဖြတ်တောက် မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။


ဝူဟန်ကနေစလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံများအားလုံးနီးပါး အလျင်အမြန်ကူးစက်ပျံ့နှံ့လာခဲ့ပြီး အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၈၀၀၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ထို့အတူ ကမ္ဘာ့စီးပွားရေးကိုလည်း ပျက်သုဉ်းစေခဲ့သလို ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်လောက်လည်း အသွားအလာကန့်သတ် မှုတစ်မျိုးမျိုးနဲ့ နေထိုင်နေရ ပါတယ်။

 

ထို့အတူပဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့အလွှာအသီးသီး ဆင်းရဲချမ်းသာမရွေး၊ အလုပ်သမားအဆင့်မှသည် တော်ဝင်အနွယ်တော်တွေအထိပါမကျန် ကူးစက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ အခုဆိုရင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အထူးကြပ်မတ်ကုသမှုခံယူနေတာ ဒုတိယနေ့ထဲဝင် ရောက်လာခဲ့ပြီဖြစ်ပါတယ်။


နှာခေါင်းစည်းတွေ တပ်ကြဖို့တိုက်တွန်း

သို့သော်လည်းနောက်ဆုံးမှာ လူတွေဟာလွတ်လပ်စွာ ပျော်ရွှင်မှုရရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့ထဲက များစွာသော လူတွေဟာ သူတို့ရဲ့နေရာက ထွက်ခွာဖို့အတွက် စီတန်းစောင့်ဆိုင်းနေကြပါတယ်။ သူတို့တွေဟာ ဝမ်းနည်းပူဆွေး ဖွယ်ကောင်းနေတဲ့ ကမ္ဘာကြီးကို မျှော်လင့်ချက်ရောင်ခြည် တစ်စွန်းတစ်စလှစ်ဟ ပြလိုက်သလိုပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ထာ၀ရမတည်မြဲဘူးဆိုတာ သက်သေပြလိုက်သလိုပါပဲ။

 

မင်းမှာစိတ်ကူးတစ်ခုခုရှိချင်မှ ရှိလိမ့်မယ်။ ငါကတော့ နံနက်လေးနာရီလောက်ကတည်းက အိပ်ရာကနိုးနေပြီ။ နေလို့ အလွန်ကောင်းပြီး စိတ်ချမ်းသာနေတာပဲ။ ငါ့ရဲ့ ကလေးတွေလည်း စိတ်တွေလှုပ်ရှားနေကြတယ်။ အမေက နောက်ဆုံးမှာ အိမ်ကိုလာတော့မယ်လို့ အသက် ၃၉ နှစ်အရွယ် ဟွာမေးက ပြောကြားလိုက်ပါတယ်။ သူဟာ အန်းရှီးကိုသွားပြီး သူ့ရဲ့ ကလေးတွေကို နှစ်လတာ ကာလအတွင်းမှာ ပထမအကြိမ် သွားရောက်တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ ငါက ၇၇ ရက်ကြာ ပိတ်မိနေခဲ့တာလို့သူက ပြောပါတယ်။

 

သူ့လိုပဲ ငါလည်း ၇၇ ရက်ကြာ ပိတ်မိနေခဲ့တာလို့ ဇာတိမြေ ဟူနန်ပြည်နယ်ကိုပြန်ဖို့ ရထားဘူတာရုံမှာ ရောက်နေတဲ့ ခရီးသွား အမျိုးသားတစ်ဦးက ဝမ်းသာအားရ ပြောလိုက်ပါတယ်။


ဘူတာရုံမှာ ခရီးသွားများကြား အလွန်လျင်မြန်စွာ ရွေ့လျားနေတဲ့ စက်ရုပ်ကလေးကလည်း လူတွေရဲ့ ခြေထောက်တွေ ကို ရောဂါကာကွယ်ဆေးတွေဖျန်းပက်ပေးနေပြီး နှာခေါင်းစည်းတွေတပ်ကြဖို့ တိုက်တွန်းနေတာကို တွေ့ရပါတယ်။


နေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့တိုက်တွန်း

တရုတ်နိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ မရှိတဲ့နေ့အဖြစ် အင်္ဂါနေ့မှာ ကျင်းပခဲ့ပေမယ့်လည်း ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူရမယ့်နေ့ ဖြစ်ခဲ့ပါတယ်။


လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁၉၃၉ ဦး ရှိတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တဖြည်းဖြည်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်အထိနာခဲ့တဲ့ အီတလီနဲ့ စပိန်တို့လို ပုံစံမျိုးဖြစ်လာပါပြီ။


ဗြိတိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူဟာ တစ်နေ့တည်းမှာ စံချိန်တင်မြင့်တက်ခဲ့သလို အသက် ၅၅ နှစ်အရွယ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အောက်ဆီဂျင်အထောက်အကူပြုနည်းဖြင့် အထူးကြပ်မတ် ကုသနေရပြီး အခြေအနေကောင်းမွန် တည်ငြိမ်လျက်ရှိတယ်လို့ ပြောနေကြပါတယ်။ ပါရီမှာလည်း အသွားအလာ ကန့်သတ်မှုတွေကို အထူးတင်းကျပ်ပြီး ဆောင်ရွက်နေပါတယ်။ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၁၀၀၀၀ ခန့် သေဆုံးခဲ့ပါပြီ။


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ဝန် အန်ဒရူးကူမိုက နယူးယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုဟာ အမြင့်ဆုံးကို ရောက်လုနီးပြီလို့ ပြောကြားလိုက်သလို နယူးယောက်သားတွေကိုလည်း နေအိမ် အတွင်းမှာပဲ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။


အလှူငွေတွေ လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပထမပိုင်းမှာ ပေါ့ပေါ့ဆဆ တုံ့ပြန်လိုက်တဲ့အတွက် အကျပ်ရိုက်နေတဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို အပြင်းအထန်ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ထို့အတူပဲ တရုတ် ဘက်လိုက်တယ်ဆိုပြီးတော့လည်း စွပ်စွဲခဲ့ပါတယ်။


မောပန်းနွမ်းလျနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေနဲ့ စစ်မြေပြင်အလား ရောဂါ ပင်လယ်ကြားမှာ သူနိုင်ကိုယ်နိုင်အပြိုင် တိုက်နေရသလို ကမ္ဘာတစ်လွှားမကြုံစဖူး ထူးခြားမှုတွေနဲ့ သင်္ဘောတွေပေါ်၊ ဟိုတယ်တွေမှာ၊ နယူးယောက် ဘုရားရှိခိုးကျောင်းပါမကျန် ဆေးကုသမှုဌာနတွေဖွင့်လှစ်ပြီး အရေးပေါ်နေ့မအိပ် ညမအိပ် ပြုစုနေကြရပါတယ်။


ဘာစီလိုနာက အသက် ၃၃ နှစ်အရွယ် အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုတွေလုပ်ပေးနေတဲ့ သူနာပြု တစ်ဦးဖြစ်သူ အန်တိုနီယို အယ်လ်ဗာရက်ဇ်က ကပ်ရောဂါနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံကိုပြောတဲ့အခါမှာတော့ ပူဆွေးသောက ရောက်ရပါတယ်လို့ ပြောကြားလိုက်ပါတယ်။ သို့သော်လည်း လူနာနည်းနည်းပဲ သေဆုံးတဲ့အတွက် တော်သေးတယ်လို့ ပြောပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးဟာလည်း အကျဘက်သို့ ရောက်နေပါတယ်။ ဂျပန်အစိုးရကတော့ အမေရိကန် တစ်ထရီလီယံပမာဏရှိတဲ့ ထောက်ပံ့ရေး ရန်ပုံငွေတစ်ခု ထူထောင်လိုက်ပါတယ်။ ထို့အတူ တစ်ဦး တစ်ယောက်ချင်း ကလည်း ကိုရိုနာဗိုင်းရပ်စ်အတွက် မတည်ရန်ပုံငွေတွေ လှူဒါန်းလျက်ရှိပါတယ်။ တွစ်တာ တွဲဖက်တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါဆေးက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန်အတွက် အလှူငွေ တစ်ဘီလီယံ လှူဒါန်းခဲ့ ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် စတော့ဈေးကွက်တွေဟာလည်း ရိုလာကိုစတာစီးနေရသလိုပါပဲ နိမ့်လိုက်မြင့်လိုက် လိမ့်လိုက် ကျလိုက်နဲ့ ဖြစ်နေတော့တာပါပဲ။ ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါကြောင့် အလုပ်လုပ်နိုင်စွမ်းအား ၃ ဒသမ ၃ ဘီလီယံ လောက်ရှိတဲ့ အလုပ်သမားထုကြီးရဲ့ ၈၁ ရာခိုင်နှုန်းလောက်ဟာ ဒုက္ခရောက်နေကြပါတယ်။ ကိုင်ရိုမှာ အလှူရှင်တွေ ဝေပေးနေတဲ့ အစားအစာ တွေကို လာရောက်တန်းစီနေတဲ့ ကလေးသုံးယောက်ရဲ့ ဖခင်လက်လုပ်လက်စား လက်သမားဆရာတစ်ယောက် ဖြစ်တဲ့ မိုဟာမက်ဆာအိဒ်ကလည်း ဆောက်တည်ရာ မရ၊ ကြံရာမရဖြစ်နေကြောင်းလည်း ပြောကြားလိုက်ပါ တယ်။ ဒီကပ်ရောဂါကြီးစဖြစ်ကတည်းက ကျွန်တော်တို့ ကိုယ့်အိမ်မှာပဲကိုယ် ငုတ်တုတ်ထိုင်နေရတာ၊ ဘာပိုက်ဆံမှ ဝင်လမ်းမရှိဘူးလို့ အသက် ၃၆ နှစ်အရွယ် ဖြစ်သူ လက်သမားဆရာက ပြောပါတယ်။ ကလေးတွေကို ဘယ်လိုကျွေးရမလဲမသိဘူး။ ဘုရားသခင် တားမြစ်ပါစေ။ ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့လို့ သူက ဆုတောင်း လိုက်ပါတယ်။

အေအက်ဖ်ပီ