မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီ စေတနာလုပ်အားရှင်များအား  သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်  ၈  ဧပြီ

 

မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအား တွေ့ဆုံကာ ကျေးဇူးတင်အားပေးစကား ပြောကြားသည်။

 

ထို့နောက် အသင်းမှပံ့ပိုးသည့် အထောက်အကူပြုပစ္စည်းများ၊ ကိုကာကိုလာ ကုမ္ပဏီမှ လှူဒါန်းသည့်ရေသန့်နှင့် အချိုရည်များ၊ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်မှ လှူဒါန်းသည့် လက်သန့်ဆေးရည်ဗူး ၅၀၀ တို့ကို ပေးအပ်သည်။

 

အသင်းဥက္ကဋ္ဌသည် နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ဖွင့်လှစ်ထားသော တိုင်းအဆင့် ကြက်ခြေနီ အရေးပေါ်ကွပ်ကဲမှုစင်တာကို သွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်ချက် များကို ညှိနှိုင်းဆွေးနွေးသည်။

 

နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်