ဂန့်ဂေါ - ကလေး ရထားလမ်း သင်္ကြန်ကာလအတွင်း ခေတ္တပိတ်မည်

ဂန့်ဂေါ  ၈   ဧပြီ 

ဂန့်ဂေါ - ကလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ်ကို သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ဂန့်ဂေါဘူတာရုံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ရထားခရီးစဉ်ခေတ္တရပ်နားထားမည့်ကိစ္စနှင့်စပ်လျဉ်း၍ "ကျွန်တော်တို့ ဂန့်ဂေါ - ကလေး ရထားခရီးစဉ်ကို ဧပြီ ၉ ရက်နေ့ထိ ပုံမှန်ပြေးဆွဲမှာပါ၊ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ (၁၀) ရက်နေ့မှ ဧပြီ(၁၉) ရက်နေ့အထိ (၁၀) ရက်ကြာ ရပ်နားမှာဖြစ်ပြီး ဧပြီ (၂၀) ရက်နေ့မှစ၍ ပုံမှန် ပြေးဆွဲမှာဖြစ်ပါတယ်၊ ဂန့်ဂေါမြို့ဘူတာရုံကနေဆိုရင် မနက် ၇ နာရီခွဲတွင် ရထားစထွက်ပြီး ကလေးမြို့ ဘူတာရုံသို့ နေ့ခင်း ၂ နာရီဝန်းကျင်ဆိုရောက်ရှိပြီး ကလေးမြို့ဘူတာရုံကနေ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ဂန့်ဂေါမြို့ဘူတာရုံသို့ နေ့ခင်း ၁ နာရီဝန်းကျင်တွင် ရောက်ရှိပါတယ်"ဟု ဂန့်ဂေါ ဘူတာရုံပိုင် ဦးလွမ်းဝေက ပြောသည်။

ဂန့်ဂေါ - ကလေးရထားလမ်းပိုင်းတွင် ဘူတာရုံပေါင်း ( ၁၆ )ခုရှိပြီး အဆိုပါခေတ္တရပ်နားထားချိန်တွင် ရထားအတွင်းသန့်ရှင်းရေးနှင့် ကလိုရင်းဆေးများပက်ဖျန်းကြမည်ဖြစ်ကြောင်းနှင့် နေ့စဉ် ခရီးသည်ပေါင်း ၃၀ဝ ဦးခန့် လိုက်ပါသွားလာကြကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)