မြန်မာနိုင်ငံသူ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာဉ် ကင်းဝေးစေဖို့ . . .

  ဧပြီ

နေ့စဉ်ထုတ်သတင်းစာတွေနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ မင်္ဂလာရှိလှတဲ့သတင်းတစ်ပုဒ်ကို ဖတ်ရှုမိလိုက် တယ်။ ဧပြီလ ၁ ရက်နေ့က "မြန်မာနိုင်ငံသူ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များ လေကြောင်း ခရီးဖြင့် နိုင်ငံတစ်ဝန်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်” ဆိုတဲ့ သတင်းဖြစ်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကိုယ်တိုင်ကြွရောက်ပြီး လေယာဉ်နဲ့မြန်မာနိုင်ငံတစ်ဝန်း လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကာ မေတ္တာပို့သခဲ့ကြခြင်း ဖြစ်ပါ တယ်။ သာဓု၊ သာဓု၊ သာဓုဟု ခေါ်ဆိုမိပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ပြီး အခုဆို ကမ္ဘာ့နိုင်ငံပေါင်း များစွာကို ကူးစက်ပြန့်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါရဲ့ အခြေအနေတွေဟာ ရပ်တန့်မသွားဘဲ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကူးစက်မှုများလာပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ WHO ဟာ ဒီရောဂါသည် "ကမ္ဘာလုံး ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" (Public Health Emergency of International Concern-PHEIC) ဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဒီလိုကြေညာခဲ့ပေမယ့် ကူးစက်မှုနှုန်းဟာ ပိုမိုမြန်ဆန်စွာ မြင့်တက်လာတာကြောင့် မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာအနှံဖြစ်ပွားသော ကပ်ရောဂါ (Pandemic Disease) အဖြစ် ကြေညာခဲ့ရတဲ့အထိ ဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းစုံကို ကူးစက်ပျံ့နှံ့မှုမြန်ဆန်စွာ ရောက်ရှိလာသလို ကျွန်တော်တို့နိုင်ငံကိုလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလာခဲ့ပါပြီ။ မတ်လ ၂၃ ရက်နေ့မှာ ရောဂါပိုးတွေ့ လူနာ နှစ်ဦးနဲ့ စတင်ကူးစက်လာခဲ့တာ ယခုချိန်အထိ ရောဂါရှိကြောင်းတွေ့ထားပြီး ဆေးရုံတင် ကုသနေတဲ့ လူနာ ၂၂ ဦးအထိရှိလာခဲ့ပါတယ်။ ရက်တို အတွင်း လူနာ ၂၂ ဦးအထိ ကူးစက်ခံရတာဟာ စိုးရိမ်စရာ အနေအထား ဖြစ်လာရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာတွေ တွေ့ရှိလာတာကြောင့် အဲဒီလူနာတွေနဲ့ အနီးကပ်ထိတွေ့ ဆက်စပ်မှုရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်ကာ စောင့်ကြည့်တာတွေကို ပြုလုပ်နေပါတယ်။ ရောဂါပိုး ကပ်နေနိုင်ခြေရှိသူတွေကို Quarantine ထားရှိပြီး ကျန်တဲ့သူတွေ မကူးစက်ဖို့ ကန့်သတ်လိုက်တာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။

ကူးစက်ပျံ့နှံမှုအလွန်မြန်နေတဲ့အတွက် ကပ်ရောဂါဖြစ်ပွားဖို့ အလားအလာများနေတဲ့ သဘောဖြစ်နေလို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အထိရောက်ဆုံးဖြစ်အောင် နိုင်ငံတော်အဆင့်မှ အောက်ခြေ ရပ်/ကျေးအဆင့်အထိ စနစ်တကျတင်းကျပ်စွာလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ငန်းများကို စဉ်ဆက်မပြတ် အားကုန်စွမ်းဆောင်လုပ်ကိုင်နေသလိုကပ်ရောဂါကြီးလိုမျိုး မကျရောက်စေရအောင် မြန်မာနိုင်ငံတစ်ဝန်းလုံး နေရာဒေသအားလုံးလိုလိုမှာ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်တွေ ရွတ်ဖတ်သရဇ္ဈာယ်ကာ မေတ္တာပို့သပေးကြတယ်။ အခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နေဆဲ ကာလအတွင်း ရပ်ကွက်/ကျေးရွာအုပ်စု နယ်မြေအတွင်းမှာ အများနဲ့သက်ဆိုင်တဲ့ ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း၊ လမ်းစုံနေရာတွေမှာ ရဟန်းသံဃာတွေကို ပင့်ဖိတ်ကာ လူ၊ ဧည့်ပရိသတ် မပါဘဲရတနသုတ်ပရိတ်တရားတော် ပူဇော်ရွတ်ဖတ်တာတွေကို ပြုလုပ်နေကြတာ မြင်တွေ့နေရတယ်။

ရတနသုတ်တော်ကို မြတ်စွာဘုရားရှင်လက်ထက် ကပ်ရောဂါဆိုက်ခဲ့တဲ့အချိန်မှာ ရွတ်ဖတ်ပူဇော်မှုတွေ ပြုခဲ့လို့ ကပ်ဆိုးကြီးကျော်လွှားနိုင်ခဲ့တာကို စာပေမှတ်တမ်းတွေမှာ ဖတ်ရှုသိရှိရပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်ကပါ။ ဝေသာလီပြည် လို့ အမည်ရတဲ့ တိုင်းပြည်မှာ မိုးခေါင်ရေရှားပြီး ကောက်ပဲသီးနှံတွေစိုက်ပျိုးလို့မဖြစ်ဘဲ ငတ်မွတ်ခေါင်းပါး ဖြစ်ကာ ကပ်ကြီးဆိုက်ခဲ့ရပါတယ်။ အငတ်ဘေးကြောင့် တိုင်းသူပြည်သားတွေ သေကျေပျက်စီးကုန်ကြတယ်။

သေဆုံးသူတွေများသည်ထက် ပိုများလာပါတယ်။ သေဆုံး မှုတွေ များလာလို့ ရုပ်အလောင်းတွေ ပုံထပ်နေတာ မြင်မကောင်းပင် ဖြစ်လာတယ်။ တိုင်းပြည်ထဲက မြို့တွေ၊ ရွာတွေထဲမှာ အပုပ်နံ့တွေတောင် နေရာအနှံ့က လှိုင်လှိုင်ထွက်လာပါတယ်။ အဲဒီလိုလည်းဖြစ်သော မြို့ပြင်၊ ရွာပြင်မှာရှိတဲ့ ဘီလူး၊ သရဲ၊ သဘက်တွေဟာ မြို့ရွာထဲကိုဝင်ပြီး အသေကောင် ရုပ်အလောင်းတွေကို ဝိုင်းဖွဲ့စားသောက်ကြတယ်။ ဘီလူး၊ သရဲတွေကိုမှီပြီး ကပ်ရောဂါဘေးဟာ ပိုဆိုက်ရောက် လာပါတယ်။ တစ်တိုင်းပြည်လုံး တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတွေဖြစ်လာတယ်။ ဒီလိုကပ်ရောဂါဘေးဆိုက်လာ တာကြောင့် ဝေသာလီပြည်အုပ်စိုးတဲ့မင်းဟာ ဝေသာလီ ပြည်ကြီးနဲ့ ရှစ်ယူဇနာဝေးတဲ့ ဂင်္ဂါမြစ်တစ်ဖက်ကမ်းက ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီးကတစ်ဆင့် ပင့်ဖိတ်ပြီး ဒီကပ်ရောဂါဆိုးကြီးက ကယ်ဆယ်ပေးဖို့ တောင်းပန်လျှောက်ထားပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားဟာ ညီတော်အာနန္ဒာနဲ့အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီပြည်ကို ကြွချီတော်မူပါတယ်။

မြတ်စွာဘုရားနဲ့ ရဟန္တာငါးရာ ဝေသာလီကို ရောက်တယ်ဆိုရင်ပဲ တိုင်းပြည်ပေါ်မှာ မိုးတိမ်တွေ ရုတ်တရက် အံ့ဆိုင်းလာပြီး မိုးထစ်ချုန်းစွာ ရွာချပါတော့တယ်။ မိုးသဲသဲမဲမဲ သည်းထန်စွာရွာသွန်းလိုက်လို့ ပုပ်ပွ အနံ့ထွက်ကာ သေဆုံးနေသူတွေရဲ့ ရုပ်အလောင်းတွေ အားလုံးဟာ မိုးရေနဲ့မျောပါသွားသလို မကောင်းတဲ့ အပုပ်နံ့ တွေလည်း ကင်းစင်သွားပါတယ်။ အဲဒီလို မိုးကြီးရွာသွန်းပြီး တဲ့အခါမှာ မြတ်စွာဘုရားဟာ ညီတော်အာနန္ဒာနဲ့အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီမြို့အဝင်မှာ ရတနသုတ်ကို ရွတ်ဖတ်တော်မူပါတယ်။

ရတနသုတ်ကို သိကြားမင်း၊ နတ်မင်းတွေ၊ နတ်ကောင်းနတ်မြတ်တွေအားလုံးလည်း စုဝေးပြီး နာကြားကြလို့ မြို့မှာကပ်နေကြတဲ့ဘီလူး၊ သရဲ၊ သဘက်တွေဟာ နေလို့မရတော့ဘဲ မြို့နဲ့ဝေးရာကို ထွက်ပြေးကြပါတော့တယ်။ အခုလို မကောင်းတဲ့ ကပ်ဆိုးကြီးတွေ ကျော်လွှားပပျောက်ကင်းစင်စေတာကြောင့် ရတနသုတ်တော်ဟာ ဘေးအန္တရာယ်ကင်းစေတဲ့၊ မကောင်းဆိုးရွားတွေကို ထုတ်ပယ်နိုင်တဲ့ တန်ခိုးအစွမ်းတွေရှိတယ်လို့ ယုံကြည်စွာ ရွတ်ဖတ်ပူဇော်မှုတွေ ပြုလာကြတာဟာ ယနေ့ထိတိုင်အောင်ပဲ ဖြစ်ပါတယ်။

"ပဏိဓာနတော ပဋ္ဌာယတထာဂတသဒသပါရမီယော, ဒသဥပပါရမီယော ဒသပရမတ္ထ ပါရမီယောတိ၊ သမတီသပါရမီဃော ပဉ္စမဟာပရိစ္စာဂေ, အစရှိပြီးယာဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိဝါယာနိ၀ အန္တလိက္ခေ။ တထာဂတံ ဒေ၀မနုဿ ပူဇိတံ။ သံယံ နမဿာမ သုဝတ္ထိ ဟောတု။ ရတနသုတ္တံ နိဋ္ဌိတံ" ဟု အဆုံးသတ်ရွတ်ဖတ် ပူဇော်ကြသည့် ရတနသုတ်တော်၏ တန်ခိုးအစွမ်းကား ကြီးမားလှပါတယ်။ တန်ခိုးစွမ်းပကားကြီးမားတော်မူတဲ့ ရတနသုတ်တော်ကို ကျွန်တော်တို့ အခုလိုကပ်ရောဂါဘေး ကျရောက်ခံစားနေရချိန်မှာ ရွတ်ဖတ်ပူဇော် နာကြားကြရတော့မှာ ဖြစ်ပါတယ်။ ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ အခုအချိန်မှာ ကျွန်တော်တို့ အားလုံးဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်နေရပြီဖြစ်လို့ ကူးစက် ပြန့်ပွားနေမှုထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ ထုတ်ပြန် ထားတဲ့လိုက်နာစရာတွေကိုလိုက်နာပါ။ လက်ကို မကြာ မကြာဆေးပါ။ လူစုလူဝေးနေရာတွေကို လုံးဝရှောင်ပါ။ မိမိအိမ်မှာနေတာဟာ အကောင်းဆုံးပါ။ ဒါ့အပြင် အိမ်မှာ နေတဲ့အချိန်တွေမှာ ဆရာတော်တွေရွတ်ဖတ်ပူဇော်ကြတဲ့ ရတနသုတ်တော်အပါအဝင် အန္တရာယ်ကင်းပရိတ်တရား တော်တွေကို နာကြားကြပါ။ ကိုယ်တိုင်လည်း ကပ်သုံးပါး ကျော်လွှားနိုင်တဲ့ တန်ခိုးအစွမ်းရှိတဲ့ ရတနသုတ်တော်ကို ရွတ်ဆိုပွားများကြပါလို့ တိုက်တွန်းချင်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားများ ကပ်ရောဂါ ဘေးအန္တရာယ်ကင်းဝေးစေဖို့၊ ကျွန်တော်တို့အားလုံး ဆရာတော်ကြီးတွေ ရွတ်ဖတ်သရဇ္ဈာယ်တဲ့အန္တရာယ်ကင်း ပရိတ်တရားတော်တွေကိုနာကြားပူဇော်ရင်း ရောဂါဘေး ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို အသိတရားရှိရှိ နားလည်မှုရှိရှိနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါစို့။ ။

ဝင်းထွဋ်ဉီး