ပူးပေါင်းဆောင်ရွက်၍ မေတ္တာ၊ ကရုဏာပွားစေလို

၈ ဧပြီ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ အရှိန် အဟုန်မပျက်ဆောင်ရွက်နေရာ လက်ရှိအချိန်အထိ အနေအထားကောင်း များရှိနေသည်။ ကိုဗစ် - ၁၉ ရောဂါပြန့်ပွားခြင်းမရှိစေရန် ကာကွယ်၊ ထိန်းချုပ်မှုလုပ်ငန်းများလုပ်ကိုင်ရာ၌ အခြေအနေအရ စီးပွားရေးလုပ်ငန်းများကို ကန့်သတ်မှုများပြုလုပ်ခဲ့ရာ ပြည်သူတို့၏ လူမှုစီးပွား ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေးနှင့် ကျန်းမာရေးအခြေအနေများ မထိခိုက်အောင်၊ ကာကွယ်ထားနိုင်အောင် အချိန်ပြည့်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အခြေခံပြည်သူ များ၏စားဝတ်နေရေး ထိခိုက်မှုမရှိအောင် အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ရေး အစီအစဉ်တစ်ခုကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့ရာ ပြည်သူများအတွက် ဝမ်းမြောက်မိသည်။

မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလသည် နိုင်ငံ့ဝန်ထမ်းများအတွက်သာမက အခြေခံပြည်သူများအတွက် အရေးကြီးသောကာလဖြစ်သည်။ အဓိကအားဖြင့် ရောဂါတွေ့ရှိမှုများအပေါ် သင်ခန်းစာယူ၍ ရုံးပိတ်ရက်ရှည် ကာလတွင် ရောဂါဖြစ်ပေါ်မှုကို ဟန့်တားနိုင်ရန်အတွက် ကန့်သတ်မှုများ ပိုမိုပြုလုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ၊ စုစုပေါင်းထောက်ပံ့ကူညီမှု ငါးမျိုးစီကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှ စတင်၍ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းကို တိတိကျကျ မှန်မှန်ကန်ကန် ကောက်ယူနိုင်ရေးမှာ အရေးကြီးသောအချက် ဖြစ်သည်။ မလိုလားအပ်သော လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊ ကျန်ရစ်မှုများ၊ အဂတိလိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှုဖြင့် စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း စသည်တို့ကို ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

ထို့အပြင် ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့ အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ် ၁၅၀ အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ကို ဧပြီလကုန်အထိ ခံစားခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကိုဗစ်-၁၉ရောဂါဘေး နောက်ဆက်တွဲ လူမှုစီးပွားဂယက်ရိုက်ခတ်မှုကြောင့် ပြည်သူ လူထု အခက်အခဲဖြစ်ပေါ်နေချိန်တွင် နိုင်ငံတော်အစိုးရက ယခုကဲ့သို့ ထောက်ပံ့မှုပြုလုပ်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။

နိုင်ငံတော်အစိုးရက ပြည်သူလူထုအတွက် ဤသို့အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေသလို ပြည်သူလူထု အားလုံးကလည်း ရောဂါကာကွယ်ရေး တွင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ပြည်သူအချင်းချင်းကြား ညီညွတ်မှုတည်ဆောက်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ အများအတွက် အန္တရာယ်၊ အများအတွက် အခက်အခဲများကို ဖြေရှင်းပေးနေချိန်တွင် ပူးပေါင်းပါဝင်ခြင်းမရှိဘဲ နှောင့်ယှက်ဟန့်တားမှုများ၊ ကိုယ်ကျိုးအတွက် စီးပွားရေးအမြတ်ထုတ်မှုများ မပြုလုပ်ကြရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး မေတ္တာ၊ ကရုဏာပွားစေလိုပါသည်။ ။

ကြေးမုံ