စုစည်းညီညွတ်စွာ ကြိုးပမ်းအားထုတ်ကြရင်း ဗိုင်းရပ်စ်ကို တွန်းလှန်ကြမယ်

ခြူးစန္ဒီနွေး

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ပေါ်ပေါက် လာတဲ့အခါမှာ ဆေးရုံတက်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘတ်က ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူနိုင်ရေး အားလုံးစုစည်းညီညွတ်စွာ ဆောင်ရွက်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီး၏ မိန့်ခွန်း

ဗြိတိန်ဘုရင်မကြီးဟာ တိုင်းပြည်အတွင်း နဲ့ ဓနသဟာယနိုင်ငံတွေကို ဧပြီ ၅ ရက်နေ့မှာ ရှားရှားပါးပါးအနေနဲ့ အထူးမိန့်ခွန်း ပြောခဲ့ ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ် တာကတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ ပြုလုပ်တာပဲဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၅၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘောရစ် ဂျွန်ဆင်ဟာ တစ်ဦးတည်း သီးခြားနေထိုင်တာ ကနေ ခုနစ်ရက်အကြာမှာ အခုလိုသတင်းတွေ ပြန်လည်ထွက်ပေါ်လာတာပါ။ လွန်ခဲ့တဲ့ သီတင်းပတ်က ဗြိတိန်ဝန်ကြီးချုပ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အသေးစား လက္ခဏာလေးတွေ ပြသနေတဲ့အတွက် ဆေးစစ်ကြည့်ရာမှ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်တာဝန် ယူနိုင်ဆဲဖြစ်

ဘောရစ်ဂျွန်ဆင်ဟာ အပူချိန်မြင့်တက် နေဆဲဖြစ်တာကြောင့် နေအိမ်မှာပဲဆက်လက် နေရမယ်ဆိုပြီး ဗီဒီယိုကနေတစ်ဆင့် သတင်း စကားပါးခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကို ဆေးရုံ ခေါ်ဆောင်သွားရတာဟာဆိုရင် အရေးပေါ်အခြေအနေကြောင့် မဟုတ်ဘဲ ဆေးပညာပိုင်းဆိုင်ရာ အကြံဉာဏ်ရယူဖို့ ကြိုတင်ကာကွယ်ရေးခြေလှမ်းအဖြစ် ဆေးရုံသွားလိုက်ရတာဖြစ်တယ်လို့ ဒေါင်းနင်းလမ်းက သတင်းထုတ်ပြန်ပါတယ်။ တကယ်လို့များ ဝန်ကြီးချုပ်အနေနဲ့ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်ဖို့ အဆင်မပြေ ဖြစ်နေခဲ့မယ်ဆိုရင် သူ့ရဲ့နေရာမှာ အစားတာဝန်ယူပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမနစ်ရက်ဘ် ကို လျာထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရ သတင်းအရင်းအမြစ်တွေကတော့ ဘောရစ်ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်တာဝန် တွေကို ဆက်လက်ထမ်းဆောင်နိုင်ဆဲပဲလို့ ဖော်ပြကြပါတယ်။

ရောဂါကူးစက်ခံရတဲ့ ကမ္ဘာ့ပထမဆုံးခေါင်းဆောင်

ဘောရစ်ဂျွန်ဆင်ဟာ ကမ္ဘာ့ခေါင်းဆောင် တွေကြားမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာဖြစ်ပြီး သူနဲ့အတူနေ ချစ်သူ ကယ်ရီယာဆင်မွန်ဟာလည်း ရောဂါလက္ခဏာ တွေကနေ သက်သာရာ ရနေပါပြီ။ ဒါပေမယ့် စမ်းသပ်မှုတွေတော့ ထပ်မလုပ်ရသေးပါဘူး။ ကျန်းမာရေးဝန်ကြီး မတ်ဟန်ကွတ်ကလည်း ဧပြီ ၄ ရက်မှာတော့ လုပ်ငန်းတာဝန်တွေကို ပြန်လည်ထမ်းဆောင်နေပြီပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကျန်းမာရေးကောင်းမွန်

သူဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ရလဒ်ထွက်ပေါ်ပြီးနောက် နေအိမ်မှာပဲ နေထိုင်ခဲ့ရပါတယ်။ ကျန်းမာရေးဆိုင်ရာ အကြီးအကဲ ခရစ်ဝှစ်တီမှာလည်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ ပြသနေတယ်လို့ သိရပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဘောရစ် ဂျွန်ဆင်ရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန် ပေမယ့် အစိုးရအဖွဲ့ရဲ့ အကြံပြုချက်ဖြစ်တဲ့ သီးခြားခွဲနေဖို့ကိုတော့ ဆက်လက်လိုက်နာ ရမယ်လို့ သူကဆက်ပြောပါတယ်။ ဆရာဝန် တွေဟာ ဘောရစ်ဂျွန်ဆင်ရဲ့ အဆုတ်နဲ့ နှလုံး အလုပ်လုပ်ပုံတွေကို အကဲဖြတ်မှုတွေ ပြုလုပ် သွားဖို့ရှိတယ်လို့ ဆေးပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ၏ အားပေးစကား

ဆရာဝန်တွေဟာ အရေးကြီးတဲ့ လက္ခဏာရပ်တွေကို စောင့်ကြည့်သွားမယ်လို့ ကူးစက်ရောဂါဆိုင်ရာ ဓာတ်ခွဲခန်းခေါင်းဆောင် ရူပတ်ဘီးက ပြောပါတယ်။ ဘယ်လိုမျိုး ကိုယ်ခံ အားစနစ်က ဗိုင်းရပ်စ်ကိုတွန်းလှန်သွားသလဲ၊ ကျောက်ကပ်နဲ့ အသည်းလုပ်ငန်းတွေကို လေ့လာဖို့အတွက် သွေးစစ်မှုတွေ ပြုလုပ် သွားမယ်လို့ သူကဆက်ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်ကျန်းမာလာမှာ သေချာတယ်လို့ ပြောပါတယ်။ နောက်ပြီး ဘောရစ်ဂျွန်ဆင်ဟာ သူ့အတွက်တော့ သူငယ်ချင်းတစ်ဦး ဖြစ်ရုံသာမကဘဲ ခေါင်းဆောင်ကောင်း တစ်ယောက်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။

ချားလ်မင်းသားလည်း ကူးစက်ခံရ

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူ အရေအတွက်ဟာ ၁ ဒသမ ၂ သန်းကျော် ရှိပြီး လူပေါင်း ၆၈၀၀ဝ ဟာလည်း ဒီရောဂါ ကြောင့် သေဆုံးခဲ့ရပြီးပါပြီ။ အသက် ၉၃ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး ကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစား ရသူတွေကို သတင်းစကားပါးခဲ့ပါတယ်။ ဗြိတိန် နိုင်ငံမှာတော့ လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇၈၀၆ ဦးရှိပြီး ၄၉၃၄ ဦး ကတော့ သေဆုံးခဲ့ရပြီးပါပြီ။ ဗြိတိန်ဘုရင်မကြီး ရဲ့ အကြီးဆုံးသားဖြစ်တဲ့ ချားလ် မင်းသား မှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ ပြသတဲ့အတွက် စစ်ဆေးကြည့်တဲ့အခါ ကူးစက် ခံထားရကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဘုရင်မကြီး၏ ချီးကျူးစကား

ဒီလိုမျိုး အကျပ်အတည်းကာလမှာ တာဝန် ကျေပွန်စွာထမ်းဆောင်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ၊ အခြားသော အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို ဘုရင်မကြီးက ချီးကျူးစကားဆိုခဲ့ပါတယ်။ ဒီလူတွေအားလုံးအတွက် ဗြိတိန်နိုင်ငံသားတွေ သာမက တစ်ကမ္ဘာလုံးကလူတွေပါ ဂုဏ်ယူ ကြမှာပဲလို့ ပြောကြားခဲ့ပါတယ်။ နန်းစံသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးက ဒီအကျပ် အတည်းက လွတ်မြောက်ဖို့ဆိုရင် စုပေါင်း အင်အားနဲ့ ကြိုးပမ်းအားထုတ်မှသာ အောင်မြင် နိုင်မယ်လို့ပြောကြားခဲ့ပါတယ်။ ကျွန်မတို့ အောင်မြင်ပါလိမ့်မယ်၊ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ် လို့ လန်ဒန်အနောက်ပိုင်း ဝင်ဆာရဲတိုက်ကနေ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒီရောဂါဆိုးကြီးကို အတူတကွ ကိုင်တွယ်ဖြေရှင်းကြမယ်ဆိုရင်၊ ဆက်လက်ပြီး စုစည်းညီညွတ်စွာ တစိုက် မတ်မတ် အားထုတ်ကြမယ်ဆိုရင် ဒီအကျပ် အတည်းကနေ လွတ်မြောက်နိုင်မယ်ဆိုတာကို အာမခံတယ်လို့ ဘုရင်မကြီးက မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့နှိုင်းယှဉ်

နောက်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အတွေ့အကြုံကိုလည်း ဘုရင်မကြီးက ပြန်ပြောပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း လန်ဒန်မြို့ ဗုံးကြဲခံရတဲ့အခါ အဲလစ် ဇဘတ်နဲ့ ညီမဖြစ်သူ မာဂရက်တို့ကို ဝင်ဆာ ကနေ ကယ်ထုတ်ခဲ့ရပါတယ်။ အခုလည်း ဗိုင်းရပ်စ်ကနေ ခွဲထုတ်ဖို့ လူတွေကို ဖိအားပေး လုပ်ဆောင်နေရတာတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ စစ်အတွင်းက ဗြိတိန်အဆိုတော် ဗီရာလင်း ရဲ့သီချင်းဖြစ်တဲ့ ပြန်လည်ဆုံတွေ့ကြမယ်ဆိုတဲ့သီချင်းအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒီသီချင်းဟာ ဒုတိယကမ္ဘာစစ်အတွင်းက ချစ်ရတဲ့ မိသားစုတွေနဲ့ အဝေးမှာ စစ်တိုက်နေရတဲ့ တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ် တက်ကြွစရာ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ပန်းခြံတွေ ပိတ်ပစ်မယ်

ဗြိတိန်မှာရှိတဲ့ ပြည်သူတွေကိုတော့ ဆေးဝါးနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့သာ နေအိမ်အပြင်ဘက်ကိုထွက်ဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း အပြင်ထွက်ပြီး လေ့ကျင့်ခန်း လုပ်တာတွေကို တားမြစ်ကောင်း တားမြစ်သွားနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဟန်ကွတ်က ပြောပါတယ်။ ဘာလို့လဲဆိုရင် ရာသီဥတုပူနွေးလာတာကြောင့် ပန်းခြံတွေ၊ ကွင်းပြင်ကျယ်တွေမှာ လူစုဝေးတာတွေ ဖြစ်လာ နိုင်တဲ့အတွက်ကြောင့်ပါပဲ။ လန်ဒန်မြို့ တောင်ပိုင်းမှာရှိတဲ့ ပန်းခြံကိုတော့ ဧပြီ ၅ ရက် နေ့မှာပဲ ပိတ်လိုက်ရပါတယ်။ ဘာလို့လဲဆိုရင် အဲဒီပန်းခြံမှာ ဧပြီ ၄ ရက်က နေပူစာလှုံသူတွေ များပြားခဲ့တဲ့အတွက်ကြောင့်ပါပဲ။ ။

ကိုးကား - အေအက်ဖ်ပီ