ကောင်းမူပြုခြင်းဖြင့် သင်္ကြန်ကာလဖြတ်သန်း

ယနေ့သည် ၁၃၈၁ ခုနှစ် တန်ခူးလပြည့်နေ့ ဖြစ်သည်။ အတာကူးသော တန်ခူးလအခါဖြစ်သည်။ တာကူးဟူသောဝေါဟာရနှင့် စပ်လျဉ်း၍ ဝေါဟာရတ္ထပကာသနီကျမ်း၌ သင်္ကြန်အတာဟူသည်ကား ရောက်လာသောအဖို့ တာဝန်ဟူသောအနက်ကိုယူသင့်၏ဟု ဆိုထားပြီး တာကူးဟူသော ဝေါဟာရမှာ နှစ်ပြောင်းသည်။ နှစ်ပြောင်းလ၊ တန်ခူးလ၊ မိဿရာသီ ဟုလည်း ဖွင့်ဆိုသည်။

 

တာမှာ အချိန်၊ လ၊ ရာသီ၊ နှစ်ဖြစ်၍ ကူးမှာ ပြောင်းခြင်းဟု ဆိုလိုသည်။ သင်္ကြန်ကာလသည် နှစ်ပြောင်းကာလ၊ ရာသီကူးပြောင်းသောကာလ၊ ဆယ့်နှစ်လရာသီ မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းခြင်းကို မဟာသင်္ကြန်ကျသည်ဟု ဆိုသည်။ သင်္ကြန်ကာလတွင် ရှေးရိုးရာအစဉ်အလာမပျက် ရေပွဲသဘင်ကို ကျင်းပကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်တွင် သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ခြင်းဓလေ့ ဖြစ်သည်။ စင်စစ်သင်္ကြန်သည် ဘာသာရေးအစဉ်အလာမဟုတ်၊ ရိုးရာအစဉ်အလာပွဲတော်ဖြစ်သည်။

 

လေးစားဖွယ်ရာ သင်္ကြန်အခါတွင် အပျော်လွန်သည့်အပြုအမူများမှာ ယခုမှမဟုတ် ရှေးရှေးအခါကာလကတည်းက ဖြစ်သည်။ နှစ်သစ်သင်္ကြန် အခါသည် နှစ်သက်မြတ်နိုးစရာ၊ ပျော်ရွှင်ကြည်နူးစရာ ဖြစ်သည်။ သို့ရာတွင် လွန်ကျူးသွားပါလျှင် ဆန့်ကျင်ဘက်ဖြစ်တတ်သည်။ သူတစ်ပါးတို့အား အနှောင့်အယှက်မဖြစ်စေဘဲ ပျော်ရွှင်ရမည့်အစဉ်အလာ ဖြစ်သည်။ မျက်မှောက်ကာလတွင် အလွန်အကျူးပျော်ရွှင်မှုများကြောင့် သင်္ကြန်ကာလသို့ ရောက်မည်ကိုပင် လူကြီးသူမများ စိုးရိမ်ပူပန်ကြသည်။ 

 

မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်က သာဝတ္ထိပြည်၌ အပျော်အရွှင် နက္ခတ်သဘင် ကျင်းပလေ့ရှိသည်။ ထိုပွဲမှာ ခုနစ်ရက်တိုင်မျှကြာမြင့်ပြီး လူငယ်လူရွယ်တို့သည် လွန်စွာရမ်းရမ်းကားကား ပျော်ပါးကြသည်။ ထို့ကြောင့် လူကြီးလူကောင်းများ အပြင်သို့မထွက်ကြဘဲ ခုနစ်ရက်ပတ်လုံး အိမ်တွင်းအောင်းနေကြရသည်။ မြတ်စွာဘုရားနှင့် သံဃာတော်တို့ကိုလည်း ထိုရက်အတွင်း ဆွမ်းခံမထွက်ရန် လျှောက်ထားပြီး ကျောင်းတိုက်တွင်ပင် ဆွမ်းလုပ်ကျွေးကြသည်။ မြတ်စွာဘုရားရှင်က “ သင်တို့သည် မေ့လျော့ခြင်းကို အားမထုတ်ကုန်လင့်၊ အကြောင်းကား မမေ့မလျော့ဈာန်ဝင်စားသူသည် ပြန့်ပြောသောချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း " ဟု ဟောကြား တော်မူသည်။

 

မျက်မှောက်ကာလသင်္ကြန်ပွဲတော်တွင် စည်းမဲ့ကမ်းမဲ့ အပျော်လွန်ကျူး ကြသောကြောင့် ကြည်နူးပျော်ရွှင်ဖွယ်သင်္ကြန်အဖြစ် မမြင်တွေ့ရတော့ပေ။ လူငယ်လူရွယ်များ အပျော်လွန်ကြသောကြောင့် စိုးရိမ်ပူပန်မှုဖြင့် သင်္ကြန်ကို ဖြတ်သန်းကြရသည်။ လူကြီးသူမများသာမက ကောင်းကျိုးလိုလားသော ပြည်သူအပေါင်းတို့သည် မြတ်စွာဘုရားရှင်လက်ထက်ကကဲ့သို့ပင် မိမိတို့ နေအိမ်တွင်သာ ခုနစ်ရက်ပတ်လုံးကောင်းမှုတိုးအောင် မမေ့မလျော့အားထုတ် ခြင်းဖြင့် ယခုနှစ်သင်္ကြန်ကို အမွန်မြတ်ဆုံးဖြစ်အောင် ဖြတ်သန်းကြမည်ဖြစ်သည်။

 

ယခုနှစ်တွင် တစ်ကမ္ဘာလုံးကပ်ရောဂါဘေးဆိုးကြီးကို ရင်ဆိုင်နေကြရသည်။ မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကြုံတွေ့နေရပြီး မလျော့သောသတိ၊ ပြင်းပြသောလုံ့လဖြင့် ရောဂါဆိုးကို ကျော်လွှားနေကြသည်။ မတွေ့ရမကြုံရဖူးသည့် သင်္ကြန်မျိုးကို ဖြတ်ကျော်ရပါမည်။ လူစုလူဝေးလုံးဝရှောင်ရမည့် သင်္ကြန်ပါဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခုနှစ်သင်္ကြန်ကို ဖြတ်ကျော်ရန်နှင့်ပတ်သက်၍ ပြည်သူများထံ သတင်းစကားပါးထားသည်။

 

ယခုနှစ်သင်္ကြန်တွင် လူစုလူဝေးနှင့်ပျော်ရွှင်မှုကို သည်းခံခြင်းဖြင့် လူသားများကောင်းကျိုးဖြစ်နိုင်သည်ကို သတိမူရမည်ဖြစ်သည်။ သင်္ကြန်တွင် ထိတွေ့မှုများ တစ်ဦးထက်ပိုလာသည်နှင့် အန္တရာယ်ပိုလာနိုင်သည်ဖြစ်၍ ယခုနှစ်တွင် ပျော်ရွှင်မှုကို ထူးထူးကဲကဲရှောင်ရှားကြရခြင်း ဖြစ်သည်။ ရေမကစားရသည့်သင်္ကြန်၊ ခြိမ့်ခြိမ့်သဲအလှူအတန်းများဖြင့် ရပ်ကွက်တွင် မပျော်ကြရသည့်သင်္ကြန်ဟူ၍ စိတ်မပျက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံထားသကဲ့သို့ ထူးကဲသည့်သင်္ကြန်တွင် ထူးကဲသည့် ကုသိုလ်များ မိမိတို့နေအိမ်တွင်ပင် ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ