ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်များနုတ်သိမ်း တစ်ပိဿာ ငါးရာကျပ်သာရှိ ခြင်းကြောင့်ကြက်သွန်စိုက်တောင်သူများတွက်ခြေမကိုက်ဖြစ်နေ

ကျောက်ပန်းတောင်း  ၂   ဧပြီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ဆောင်ကြက်သွန်များစတင်နုတ်သိမ်း နေပြီဖြစ်ကာ ကြက်သွန်တစ်ပိဿာ ငါးရာကျပ်ဈေးသာရှိတော့ပြီး ဆောင်ကြက်သွန်နုတ်သိမ်း ချိန်အလုပ်သမားခ ဈေးကြီးကာ လုပ်သားရှားပါးမှုများလည်း ကြုံတွေ့နေရကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနန်းတင်ထံက သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ချောင်းနှင့် ကြက်မောက်တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာ နှစ်ဆယ်ကျော်သည် ဆောင်းကြက်သွန်အမြောက်အများစိုက်ပျိုးကြပြီး ဆောင်းကြက်သွန်ပျိုး(မျိုး)ထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့ တွင်ဆောင်းကြက်သွန် ပျိုးထောင်ကြကာ ကြက်သွန်ပျိုးသက် ရက်ပေါင်းလေးဆယ့်ငါးရက်ရှိလျှင် ကြက်သွန်စိုက်မည့်စိုက်ခင်းထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း သိရသည်။

 

ကြက်သွန်စိုက် ချိန်တွင် ထွန်စက်ဖြင့်ထွန်ခြင်း၊ နွားရှဉ်းဖြင့်ထွန်ခြင်းများဖြင့် မြေညက်နေစေရန်ထွန်ရကာ ထွန်ယက်ပြီးချိန် မြေဆီအတွက် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးတို့အား ကြက်သွန်စိုက်တောင် သူတိုင်းအသုံးပြုကြပြီး နှမ်းဖတ်၊ ပဲဖတ်မှုန့်များ ကြဲဖြန့်ပေးရကြောင်း၊ ကြက်သွန်စိုက်ပြီး တစ်လခွဲခန့်ကြာလျှင် ကြက်သွန်အပင်ဖြစ်ထွန်းမှု အခြေအနေကြည့်ပြီး ရွက်ဖျန်းဆေး၊ပုလဲ ခေါ်ယူရီယားဓာတ်မြေဩဇာထပ်ပြီးပက်ရကြောင်း၊ ကြက်သွန်စိုက်ပျိုးရာတွင် နံနက်၊ ည နှစ်ကြိမ်ရေးဖျန်းပေးရပြီး နုတ်သိမ်းမည့် ဆယ့်ငါးရက်အလိုထိရေဖျန်းပေးရကြောင်း ဆပ်ပြာကျင်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဇော်ချင်းက ရှင်းပြသည်။

 

ဆောင်းကြက်သွန်တစ်သီး ပျိုးထောင်ချိန်မှနုတ်သိမ်းသည်အထိငါးလခန့်ကြာမြင့်ကြောင်းသိရကာ ကြက်သွန်နုတ်ချိန် အလုပ်သမတစ်ဦး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သုံးထောင်ကျပ်၊အမျိုးသား ခြောက်ထောင်ကျပ်ပေးရပြီး သယ်ယူသည့်ပုဇဉ်းကောင်းထာ်လာဂျီတစ်ခေါက်ခြောက်ထောင် ကျပ်ပေးရကြောင်း၊ထွားလှည်း တစ်မနက် သောင်းနှစ်ထောင်ကျပ်ပေးရကြောင်း ဆောင်း ကြက်သွန်တစ်သီးစိုက်ပျိုးရန် ထွန်စက်ခ၊ထွန်ရှဉ်းခ၊ လုပ်သား၊ မြေဆီ၊ ရွက်ဖျန်းဆေး၊ စက်ဆီ၊ စိုက်ခ၊နုတ်သိမ်းခ၊ သယ်ယူခ၊ ကြက်သွန်လှောင်စင်ပေါ်တင်ခများဖြင့် ကြက်သွန်စိုက်ခြင်းသည် ကရိကထအလွန်များကာ ကြက်သွန်တစ်ဧက စိုက်ပျိုးချိန် သိန်းနှစ်ဆယ်ခန့်ကုန်ကျကြောင်း သိရကာ ကြက်သွန်နုတ်သိမ်းစ တစ်ပိသာ ခုနှစ်ရာကျပ်ဈေးမှသာဈေးနှုန်းအသင့်ဖြစ်ကာ တစ်ပိဿာ ငါးရာကျပ်ဈေးဖြစ်နေခြင်းကြောင့် ဆောင်းကြက်သွန်စိုက်တောင်သူများ အဆင်မပြေဖြစ်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက် တောင်သူများက ပြောကြား၍ သိရသည်။

 

ဆောင်းကြက်သွန်များသည် အထားအင်မတန်ခံခြင်းကြောင့် တစ်နှစ်ပတ်လုံးလှောင်၍ ရသော်လည်း ငွေကြေးအခက်အခဲရှိသည့်တောင်သူများ နုတ်သိမ်းပြီးချိန် ရောင်းချရပြီး ငွေကြေးတတ်နိုင်သူများ လှောင်ထားကြကာ လှောင်ကြက်သွန်ဈေးကောင်းချိန်ဖြစ်သည့် ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်လများတွင် ဆောင်းကြက်သွန်များထုတ်ရောင်းကြသည်။ ယခုနှစ်ဆောင်းကြက်သွန် နုတ်သိမ်းချိန် အရည်အသွေး ကောင်းမွန်သည့်ကြက်သွန်ဥများ ထွက်ရှိခြင်း၊ တစ်ဧက အထွက်နှုန်းကောင်းမွန်ခြင်းများကြောင့် ကြက်သွန်ဈေးနှုန်းကောင်းရန် သာမျှော်လင့်နေကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း