ယခုလဆန်းပိုင်းတွင် ထွက်ရှိလာသည့် ရာသီပေါ်ငှက်ပျောများ အထွက်နှုန်းကောင်းမွန်

မန္တလေး  ၂၈  မတ်

 

ယခုလဆန်းပိုင်းမှ စတင်ထွက်ရှိလာသည့် ရာသီပေါ်ငှက်ပျောများ အထွက်နှုန်းကောင်းမွန်သော်လည်း ဒေသမျိုးစုံမှ ငှက်ပျောများလည်း ထွက်ရှိနေသည့်အတွက် စျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

 

ယခင်နှစ်များက ယခုရာသီတွင် ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ၁၅၀၀ ကျပ်နှုန်း ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၂၀၀ နှင့် ၁၃၀၀ ကျပ်အတွင်း၌သာ ပေါက်စျေးရှိပြီး၊ ယခင်နှစ်များက တစ်ဖီး ၂၀၀၀ ကျပ်ရရှိခဲ့သော သီးမွေးငှက်ပျောမှာ ယခုအချိန်တွင် ၁၀၀၀ နှင့် ၁၁၀၀ ကျပ်နှုန်းသာ ပေါက်စျေးရှိနေကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဦးမန်းစောအောင်သောင်းက ပြောပြချက်အရ သိရသည်။

 

"ဒီနှစ် ငှက်ပျောစထွက်တဲ့အချိန်မှာ အထွက်နှုန်းကောင်းတဲ့အတွက် စျေးနှုန်းက အကျဘက်မှာ ရှိနေသလို အရောင်းအဝယ်လည်း အနည်းငယ်ပါးနေတယ်။ ကျွန်တော်တို့ ငှက်ပျောစိုက်ပျိုးသူ အားလုံးက မိုးစရွာပြီး မြေဆီစိုစွတ်မှ စိုက်ပျိုးမှုကို စတင်ကြတာဆိုတော့ ထွက်ချိန်ကြတော့လည်း စုပြုံပြီး တစ်ချိန်တည်း ထွက်ရှိလာတာပါ။ တစ်ချို့တတ်နိုင်တဲ့သူတွေကတော့ ရေသွင်းပြီးစိုက်တဲ့အတွက် အထွက်စောပြီး စျေးကောင်းရကြတာလည်း ရှိပါတယ်" ဟု ၎င်းကပြောသည်။

 

မြန်မာနိုင်ငံ ငှက်ပျိုးစိုက်ပျိုးထုတ်လုပ်သူများ အသင်းအနေဖြင့် နည်းပညာအကူအညီရယူကာ GAP စနစ်ဖြင့် ငှက်ပျောကို ပြည်တွင်း၌ ဧက ၄၀ ကျော် စမ်းသပ်စိုက်ပျိုးမှုများရှိသော်လည်း စားသုံးသူများအနေဖြင့် ဓာတုကင်းစင်သည့် အော်ဂဲနစ်ငှက်ပျောကို သီးသန့်စားသုံးမှု နည်းပါးသည့်အတွက် ပုံမှန်စိုက်ပျိုးထွက်ရှိသည့် ငှက်ပျောပေါက်စျေးများဖြင့်သာ ရောင်းချပေးနေရကြောင်း သိရသည်။

 

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ငှက်ပျောစိုက်ဧက ၂ သိန်းခန့်ရှိကာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း၊ နေ့စဉ်ရန်ကုန်မြို့သို့ စက်နှစ်ဘီးယာဉ် ကားစီးရေ ၁၀ စီးခန့် တင်ပို့နေရကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)