မကွေးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၌ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်

မကွေး ၂၆ မတ်

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး (အောက်ထပ်) အစည်းအဝေးခန်းမ၌ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၆ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အလှူရှင်များမှ လှူဒါန်းမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဓနအင်အား နည်းပညာအင်အား ကြီးမားလှတဲ့ ကမ္ဘာ့နိုင်ငံကြီးများလည်း အထိနာနေကြရကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို မိမိတို့အနေဖြင့် မေတ္တာ ကရုဏာ သတိဝီရိယ ပညာတို့ကိုအားထားပြီး ရင်ဆိုင်ကြရမှာ ဖြစ်သလို အောင်မြင်မည်ဟုလည်း ယုံကြည်ကြောင်း၊ ရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများကလည်း ကဏ္ဍအလိုက် အင်တိုက်အားတိုက် ဆောင်ရွက်နေကြကြောင်း၊ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြန်လည်ဝင်ရောက်သူများက ကျန်းမာရေးအတွက် ညွှန်ကြားချက်များနဲ့အညီ စစ်ဆေးခံ၍ အကန့်အသတ်များနှင့် နေထိုင်ကြကာ ပြည်ပမှပြန်လာသည့် ကျေးလက်ဒေသမှ လူငယ်မောင်မယ်များကလည်း ရပ်ရွာထဲသို့မဝင်ဘဲ ရွာပြင်တောထဲ နေရာတွေမှာ အကန့်အသတ်ဖြင့် နေထိုင်နေသည့် သတင်းများကြားသိရကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဆက်စပ်ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ လူအများထိတ်လန့်စေရန် လူ့အဖွဲ့အစည်းအတွင်း ရပ်ရွာအတွင်း မတည်မငြိမ်စေရန် ကောလာဟလများကို ထုတ်လွှင့်လျက်ရှိကြကြောင်း၊ မိမိတို့ ရင်ဆိုင်နေကြရသည့် ကပ်ရောဂါမှာ ကူးစက်မြန်သည့် ရောဂါဖြစ်သော်လည်း ထိန်းချုပ်နိုင်သည့်ရောဂါ၊ ကူးစက်ခံရတိုင်းလည်း မသေနိုင်သည့်ရောဂါ စောစီးစွာကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ကြောင်း၊ အလှူရှင်များကလည်း ဒေသအလိုက် လှူဒါန်းမှုပြုနေကြသလို လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များကလည်း လိုအပ်သည်များကို ပါဝင်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒီအတွက် မိမိတို့ လူသားအချင်းချင်း မေတ္တာတရားပွားများကာ ညီညွတ်စွာဖြင့် သတိ ဝီရိယ ပညာတို့ကို စွဲကိုင်ထားပြီး ရင်ဆိုင်ကျော်လွှားကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ကုမ္ပဏီများ၊ ကိုယ်ပိုင်ကျောင်း၊ ဟိုတယ် စသည့် လုပ်ငန်းရှင် အလှူရှင်များက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းရာ အလှူငွေစုစုပေါင်း ၃၂၄၅၀၀၀၀ လက်ခံရရှိခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)