၂၀၂၀ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ဆက်လက်ကျင်းပမည်

၂၅ မတ်

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ဒေသတွင်းအဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သော ၂၀၂၀ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲကို အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအမည်ဖြင့် ဆက်လက်ကျင်းပမည် ဖြစ်သည်။

 

ဆူဇူကီးကားကုမ္ပဏီသည် ယင်းပြိုင်ပွဲကို ဆက်လက်စပွန်ဆာပေးရန် အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရခဲ့သောကြောင့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ဆက်လက်ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်ကတည်းက ကျင်းပခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တိုက်ဂါးဖလားပြိုင်ပွဲအမည်ဖြင့် လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အမည်ဖြင့်လည်းကောင်း ကျင်းပခဲ့ကာ ၂၀၀၈ ခုနှစ်မှစ၍ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲကျင်းပသည့်ပုံစံများကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင်မူ ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပမည်ဖြစ်သည်။ ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းတစ်သင်း လျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ပုံမှန်ကျင်းပနေသည့်အတိုင်း အိမ်ကွင်း၊ အဝေးကွင်း၊ နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ စုစုပေါင်း ၁၁ နိုင်ငံ ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်က မူလထုတ်ပြန်ထားသည့် ပြိုင်ပွဲကာလမှာ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်အပြောင်းအလဲ ဖြစ်ပေါ်ဖွယ်ရှိနေသည်။

 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အုပ်စုပွဲများကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၈ ရက်၊ ဆီမီးဖိုင်နယ်ပထမအကျော့ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၃၊ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲစတင်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုရယူနိုင်ခြင်းမရှိဘဲ ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲတို့တွင်သာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ကျန်ပြိုင်ပွဲများတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင်မူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်