လိဂ်ပြိုင်ပွဲအားလုံး ရပ်နားမှုကြောင့် MNL ကလပ်အသင်းအားလုံး လေ့ကျင့်မှုရပ်နား

၂၅ မတ်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် COVID-19 ရောဂါပိုးကြောင့် ပြည်တွင်းလိဂ်ပြိုင်ပွဲအားလုံးကို မတ် ၂၄ ရက်မှစ၍ ရပ်နားခဲ့ရာ MNL ကလပ်အသင်းအားလုံးမှာလည်း လေ့ကျင့်မှုရပ်နားခဲ့သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည့် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတို့ကိုပါ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရာ MNL စီနီယာကလပ်အသင်းများအပါအဝင် ယူ-၂၁ နှင့် ယူ-၁၉ အသင်းများ၊ MNL-2 ပထမတန်း အသင်းများအားလုံး ရပ်နားခဲ့ခြင်းဖြစ်သည်။

 

ကလပ်အသင်အများစုသည် သင်္ကြန်ကာလအပြီးထိ လေ့ကျင့်မှုရပ်နားထားပြီး ရောဂါပိုးထိန်းချုပ်နိုင်မှုနှင့် ပြည်တွင်းလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မည့်အပေါ်မူတည်၍ ပြန်လည်လေ့ကျင့်မည် ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီမှာလည်း ကလပ်အသင်းများ ပြင်ဆင်ချိန်ရရှိစေရန် တစ်လဝန်းကျင် ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

MNL စီနီယာလိဂ်ပြိုင်ပွဲတွင် ၁၂ သင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ရှစ်သင်း၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် ၁၉ သင်း၊ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲတွင် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းလိဂ် လေးခုတွင် ဘောလုံးသမားပေါင်း ၁၀၀၀ ကျော် ပါဝင်ကစားလျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း