မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

၂၄  မတ်

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဖယ်လိုင်နီဟာ လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံထားရတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ လက်ရှိမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနန်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကို အဓိကထားကုသပေးနေတဲ့ ဂျီနန်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေတယ်လို့ တရုတ်မီဒီယာတွေက သတင်းဖော်ပြထားပါတယ်။

ဘယ်လ်ဂျီယံကြယ်ပွင့် ဖယ်လိုင်နီဟာ မန်ယူအသင်း၊ အဲဗာတန်အသင်း တို့နဲ့အတူ အင်္ဂလန်ပရီမီယာလိဂ်မှာ ၁၁ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်းမှာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဖယ်လိုင်နီဟာ မကြာသေးတဲ့ရက်ပိုင်းက လေ့ကျင့်ရေးဆင်းဖို့ တရုတ်နိုင်ငံကို ပြန်သွားခဲ့ပေမယ့် တရုတ်စူပါလိဂ် ကစားသမား ဖယ်လိုင်နီဟာ အဖျားရောဂါ ခံစားခဲ့ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စစ်ဆေးမှုတွေ ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ရှန်ဒေါင်းလူနန်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ ကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်စောင့်ကြည့်ရေးကာလအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ငွေကြယ်