၂၀၁၂ခုနှစ်က အုပ်စုဖွဲ့ မုဒိန်းမှုကျူးလွန်သူတွေကို ကြိုးပေးလိုက်ပြီ

၂၀ မတ်

အိန္ဒိယနိုင်ငံမှာ ၂၀၁၂ခုနှစ်က အုပ်စုဖွဲ့ မုဒိန်းမှုကျူးလွန်သူလေးဦးကို ဒီနေ့ (သောကြာနေ့)မှာ ကြိုးပေးခဲ့ကြောင်း သိရပါတယ်။ မြို့တော် ဒေလီရှိ တီဟာအကျဉ်းထောင်မှာ အာရုံမတက်မီ နံနက် ၅:၃၀ တွင် ကြိုးပေးခဲ့ကြောင်း ထောင်ပိုင်ကြီး ဆန်ဒစ် ဂိုးက ပြောပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး ကြိုးပေးခဲ့တာဖြစ်ပါတယ်။

 

ထောင်အပြင်မှာ ရောက်ရှိနေတဲ့ မုဒိန်းမှုကျူးလွန်ခံရပြီး အသတ်ခံခဲ့ရသူရဲ့ မိခင်ဖြစ်သူက သူ့သမီးအတွက် တရားမျှတမှုကို ရရှိရန် ခုနစ် နှစ် စောင့်ခဲရပေမယ့် ရာဇဝတ်ကောင်တွေကို သေဒဏ်ပေးလိုက်တဲ့အတွက် ကျေနပ်တယ်လို့ပြောပါတယ်။

 

ဒေလီမြို့ခံတစ်ဦးက မနက် ၃ နာရီကတည်းက ထောင်ရှေ့ကို ရောက်ရှိနေကြောင်း နေ့ထူးနေ့မြတ်အတွက် စောင့်နေခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေအတွက် တရားမျှတမှု ရရှိခဲ့ပြီလို့ သတင်းဌာနတွေကို ပြောပါတယ်။

 

မုဒိန်းမှုကျူးလွန်ခံရပြီး အသတ်ခံခဲ့ရသူ ဆင်ဟာ physiotherapy ကိုလေ့လာနေတဲ့ကျောင်းသူဖြစ်ပြီး အသက် (၂၃) နှစ်သာရှိသေးကြောင်း သိရပါတယ်။  ဆင်ဟာနဲ့ အမျိုးသားသူငယ်ချင်းတစ်ဦးတို့ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ ရုပ်ရှင်ကြည့်ပြီး အိမ်ကို ဘတ်စ်ကားစီးပြီး ပြန်ခဲ့ကြပါတယ်။

 

ကားပေါ်မှာပါရှိတဲ့ အရွယ်ရောက်ပြီးသား အမျိုးသား၅ ဦးနဲ့ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့က ဆင်ဘာရဲ့သူငယ်ချင်းကို ထိုးနှက်ပြီး ဆင်ဟာကို မုဒိန်းကျင့်ပြီး သံလုံးနဲ့ ရိုက်နှိက်ခဲ့ပါတယ်။

 

ဆင်ဟာက အခင်းဖြစ်ပြီး ၁၃ ရက်အကြာမှာ စင်ကာပူနိုင်ငံက ဆေးရုံတစ်ရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

 

ပြစ်မှုကျူးလွန်သူတွေထဲက ဉီးဆောင်သူလို့ သံသယရှိသူဟာ ထောင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ယူဆရပါတယ်။ ၁၇ နှစ်အရွယ်ကတော့ လူငယ်လေ့ကျင့်ရေးကျောင်းမှာ ၃ နှစ် နေခဲ့ရကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP