အများပြည်သူဆိုင်ရာ နေရာများတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နှာခေါင်းစည်းများ ဝတ်ဆင်ဖို့လိုအပ်ဟု ဗီယက်နမ်ပြောကြား

၁၆ မတ်

 

ဗီယက်နမ်နိုင်ငံရှိ အများပြည်သူဆိုင်ရာ နေရာများဖြစ်သော လေဆိပ်များ၊ ဘတ်စ်ကားမှတ်တိုင်များ၊ စူပါမားကက်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များစသည့် အများသုံးနေရာများတွင် ဗီယက်နမ်နိုင်ငံသားများနှင့် နိုင်ငံခြားသားများအားလုံး ယနေ့မှစတင်ကာ နှာခေါင်းစည်းများ ဝတ်ဆင်ရန် လိုအပ်ကြောင်း ဗီယက်နမ်နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

 

ဗီယက်နမ်နိုင်ငံ ပြည်တွင်းနှင့်နိုင်ငံတကာ အဝင်အထွက် လေကြောင်းခရီးစဉ်ပေါ်ပါ ခရီးသည်များ အားလုံးသည်လည်း ၎င်းတို့၏ လေကြောင်းခရီးနှင့် လေဆိပ်များတွင် ရှိနေစဉ်အတွင်း နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ နိုင်ငံခြားသား ၂၀ ဦး အပါအဝင် ၅၇ဦး ရှိကြောင်း၊ သံသယရှိလူနာ ၁၀၂ ဦးနှင့် သီးခြားစောင့်ကြည့်ခံလူနာ ၃၀၀၀၀ နီးပါးရှိသည်ဟု သိရသည်။

 

ခရီးသွားလာခြင်း၊ ဆွေမျိုးများထံ အလည်အပတ် သွားရောက်ခြင်း၊ အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပြည်တွင်းသို့ ဝင်ရောက်ခြင်းမပြုမီ ၁၄ ရက်အတွင်း ရှင်ဂန်နိုင်ငံများဖြစ်သော ဉရောပ ၂၆ နိုင်ငံ သို့မဟုတ် ဗြိတိန်နိုင်ငံတို့မှတစ်ဆင့် ဖြတ်သန်းသွားလာသော၊ လာရောက်လည်ပတ်သော နိုင်ငံခြားသားများကို ဗီယက်နမ်နိုင်ငံက ယာယီပိတ်ပင်ထားကြောင်းနှင့် နိုင်ငံခြားသားများအားလုံးအတွက် ဆိုက်ရောက်ဗီဇာကို ဆိုင်းငံ့ထားကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီတီတုဟန်က စနေနေ့က ပြောကြားခဲ့သည်။

 

အဆိုပါ ဆိုင်းငံ့ထားမှုနှစ်ခုကို ယမန်နေ့နေခင်းပိုင်းမှ စတင်ကာ ရက်ပေါင်း ၃၀ ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

2108375342