ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရသည်ဟု ဉဇဘက်ကစ္စတန်နိုင်ငံ အတည်ပြုပြောကြား

၁၆ မတ်

 

ပြင်သစ်နိုင်ငံမှ ပြန်ရောက်လာသော ဉဇဘက်ကစ္စတန် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသည်ဟု ဉဇဘက်ကစ္စတန်နိုင်ငံက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အာရှအလယ်ပိုင်းနိုင်ငံဖြစ်သော ဉဇဘက်ကစ္စတန်နိုင်ငံတွင် ထိုဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ သန့်ရှင်းရေးနှင့် ကူးစက်ရောဂါဆိုင်ရာ စောင့်ကြည့်လေ့လာရေး အေဂျင်စီက ပြောကြားခဲ့သည်။

 

၁၂၃၀၈၉၆၅၅

 

လက်ရှိအခြေအနေတွင် ကူးစက်ရောဂါပျံ့နှံ့မှုကို တားဆီးကာကွယ်ရန် ကူးစက်ရောဂါဆိုင်ရာ လေ့လာမှုများနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများ အပြည့်အဝလုပ်ဆောင်နေကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

 

ပဲရစ်မြို့မှ တာ့ခ်တန်အထိ ထိုရောဂါကူးစက်ခံရသူနှင့်အတူ လိုက်ပါလာသော လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် ၎င်းကူးစက်ခံရသူနှင့် အဆက်အသွယ်ရှိသူတိုင်းကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အား ရှာဖွေတွေ့ရှိရန်နှင့် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် ထားရှိရန် ဆောင်ရွက်နေကြောင်း ၎င်းအေဂျင်စီ ညွှန်ကြားရေးမှူး ဘဟွန်မ် အယ်လ်မာတော့ဗ် က နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို