အနိုင်ကျင့်ခံရတဲ့ ကလေးငယ်က သူ့အား ပေးအပ်တဲ့ အကူငွေအားလုံးကို ပရဟိတအသင်းတွေကို လှူဒါန်းသွားမယ်

၂၈ ဖေဖော်ဝါရီ

ဩစတြေးလျနိုင်ငံက အသက်(၉)နှစ်အရွယ် ကလေးငယ်က သူ့အား ပေးအပ်တဲ့ အကူငွေအားလုံးကို ပရဟိတအသင်းတွေအား လှူဒါန်းသွားမယ်လို့ သိရပါတယ်။ အသက်(၉)နှစ်အရွယ် ကွာဒန်ဘေးလီစ် ဟာ လူပုကလေးဖြစ်ပြီး ကွာဒန်ကိုကျောင်းမှ သူငယ်ချင်းတွေက အနိုင်ကျင့်တဲ့အတွက် သူသေချင်ကြောင်း အမေကို ပြောပြခဲ့ပါတယ်။

 

မိခင်ဖြစ်သူက ငိုကြွပြီး သေချင်ကြောင်း ပြောနေတဲ့ သားငယ်ပုံနဲ့ ကလေးငယ်သေဆုံးခဲ့ရင် အနိုင်ကျင့်သူတွေမှာ တာဝန်ရှိကြောင်း ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်ကို လွန်ခဲ့တဲ့ သီတင်းပတ်က တင်ခဲ့ပါတယ်။

 

အဲဒီဗီဒီယိုကို ကြည့်ရှုသူ သန်းချီပြီး ရှိခဲ့ပါတယ်။ အမေရိကန် လူရွှင်တော် ဘရက် ဝီလျှံ က GoFundMe ဝက်ဆိုဒ်ကနေ သားငယ်လေးနဲ့မိခင်အား ဒစ်စနေလန်းကို အပျော်ခရီးပို့ပေးရန်အတွက် ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ သားငယ်လေး ကွာဒန်အတွက် လှူဒါန်းငွေဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့စာရင်းအရ အမေရိကန်ဒေါ်လာ ၄၇၅,၀၀၀ အထိ ရရှိခဲပါတယ်။

 

သားငယ်လေး ကွာဒန်က သူ့အားလှူဒါန်းငွေအား ဒစ်စနေလန်းကို သွားရောက်ဖို့ သုံးစွဲဖို့ထက် သူနေထိုင်ရာ ဒေသတွင်းရှိ ပရဟိတ အသင်းတွေကို ပေးလှူလိုက်ခြင်းအားဖြင့် သူ့နေထိုင်ရာဒေသ တိုးတက်သွားမှာကိုသာ လိုအပ်ကြောင်း ကွာဒန်ရဲ့ အ‌ဒေါ်ဖြစ်သူက ဩစတြေးလျနိုင်ငံက NITV သတင်းဌာနကို ပြောပါတယ်။

 

ကွာဒန်ကို ထောက်ခံအားပေးတဲ့ ရာချီထောင်ချီတဲ့ လူတွေထဲမှာ ဩစတြေးလျမင်းသားနဲ့ NBA ကစားသမားတို့ ပါဝင်တာကို တွေ့ရပါတယ်။

MDN

ကိုးကား- AFP