ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စတင်လုပ်ဆောင်

မန္တလေး ၁၉ ဖေဖော်ဝါရီ 

၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ယခုလအတွင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ယခုပြုပြင်မည့် ဘုရား ၉၂ ဆူအနက် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်မှုများအတွက် ဘုရား ၃၆ ဆူနှင့် နံရံဆေးရေးပန်းချီ ပြုပြင်မွမ်းမံမှုများအတွက် ဘုရား ၅၆ ဆူ စုစုပေါင်း ၉၂ ဆူကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ရာ အပိုင်း(၁)အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်မှုများအတွက် ဘုရား ၁၂ ဆူအား ရွေးချယ်ထားပြီး ၎င်းဘုရားများအနက် ယခုနှစ်အတွင်း ဘုရားသုံးဆူကို ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဘုရားတွေကို ပြုပြင်မယ့် အိန္ဒိယနိုင်ငံက အဖွဲ့တွေ ရောက်နေပါပြီ၊ ပထမဆုံးအနေနဲ့ စစ်တမ်းကောက်ယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အခု ဖေဖော်ဝါရီလအတွင်းမှာ တန်ဇောင်းဘုရား၊ ဘုရားအမှတ် ၁၄၀၁၊ မွန်ဂိုဘုရား စတဲ့ ဘုရားသုံးဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်မှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒီပြုပြင်မှုလုပ်ငန်းတွေကို သူတို့နဲ့အတူ ကျွန်တော်တို့ဌာနက ဖွဲ့စည်းပေးထားတဲ့ အင်ဂျင်နီယာအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။ ပြုပြင်ဖို့အတွက် အရင်ဆုံး ကျွန်တော်တို့ဌာနကို တင်ပြရတယ်၊ ကျွန်တော်တို့ ဌာနကလည်း လိုအပ်တဲ့အကြံဉာဏ်တွေ ပေးပါတယ်၊ လုပ်ဆောင်တော့မယ်ဆိုရင် လိုက်လံကြည့်ရှုတယ်။ ဆွေးနွေးမှုတွေလုပ်ပြီး ခွင့်ပြုချက်ရမှ ပြုပြင်မှုလုပ်ငန်းတွေ လုပ်ဆောင်တာပါ၊ ရှေးဟောင်းဘုရားတွေဖြစ်လို့ ပြုပြင်မှုတွေကို အလောတကြီး မလုပ်ချင်တဲ့အတွက် ဒီနှစ်မှာ ဘုရားသုံးဆူကိုပဲ ပြုပြင်တာဖြစ်ပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။


အဆိုပါဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံမှ  ဒေါ်လာ ၇ သန်း အကုန်အကျခံသုံးစွဲ၍ အပိုင်းသုံးပိုင်းခွဲကာ ၁၀ နှစ် စီမံကိန်းဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ ယခု ဖေဖော်ဝါရီလမှစတင်၍ အပိုင်း(၁)အနေဖြင့် ဘုရားနှစ်ဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora က ပြောသည်။

“ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ထားတဲ့ ဘုရားတွေကို ပြုပြင်ထိန်းသိမ်းတာ ဖြစ်ပါတယ်၊ အပိုင်း(၃)ပိုင်းနဲ့ ဆောင်ရွက်မှာဖြစ်ပြီး အပိုင်း(၁)အနေနဲ့ ဘုရား ၁၂ ဆူကို စတင်ပြုပြင်မှာ ဖြစ်ပါတယ်၊ အခုလက်ရှိမှာ ဘုရားနှစ်ဆူကို စတင်ပြုပြင်နေပါပြီ၊ ဒီဘုရားတွေကို ပြုပြင်မယ့်သူတွေက တကယ်ကို ကျွမ်းကျင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ အာနန္ဒာဘုရားကိုလည်း ဒီအဖွဲ့နဲ့ပဲ ပြုပြင်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ၉၂ ဆူသော ဘုရားတွေကိုလည်း  အာနန္ဒာဘုရားကို ပြုပြင်ခဲ့တဲ့ နည်းစနစ်အတိုင်း ပြုပြင်မှာဖြစ်တဲ့အတွက် စိုရိမ်စရာ မရှိပါဘူး။ သူတို့အနေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံမှ ပုဂံဒေသရှိ အာနန္ဒာဘုရားအား ငါးနှစ်ကြာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကိုလည်း ပြုပြင်ပေးခဲ့ပြီး ယခုအခါ ရှေးဟောင်းဘုရား ၉၂ ဆူကို ဆက်လက်ပြုပြင်ထိန်းသိမ်းရန် လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)