မိုးညှင်း၊ ခန္တီး၊ ရန်ကင်းနှင့် သိန္ဒီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီက မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ အိမ်အမှတ်(မမ-၇၃)နေ နိုင်ဝင်းထွန်း (ခ) မောင်မောင်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ မြင့်လွင်ဦးအားတွေ့ရှိရပြီး နေအိမ်မှ ဘိန်းဖြူ သုည ဒသမ ၂၈ ကီလိုသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန္တီးမြို့၊ ခန္တီးမြို့မရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ စက်လှေဆိပ်အနီး၌ ဆိုက်ကပ်ထားသည့် သစ်သားစက်လှေကိုစစ်ဆေးရာ စက်လှေပေါ်တွင် မခင်မျိုးရီ၊ သန်းဇော်ဦးနှင့် ကျော်စိန်တို့အား တွေ့ရှိရပြီး လှေပေါ်မှ ဘိန်းဖြူ သုည ဒသမ ၉၄၀၅ ကီလိုကိုလည်းကောင်း။

ထို့အတူ ယင်းနေ့ မွန်းလွဲပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆရာစံလမ်း၊ ရန်ကင်းစင်တာရှေ့တွင်တွေ့ရှိသူ အေးသူရကျော်(ခ)ကိုဒီး၊ သန်းထိုက်နှင့် ကောင်းမြတ်လွင်တို့အား ရှာဖွေရာ ၎င်းတို့ထံမှ ဆေးခြောက် သုည ဒသမ ၁၄၅ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အေးသူရကျော်(ခ)ကိုဒီး ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင်ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ သာဓုအိမ်ရာ၊ တိုက်အမှတ်(၃)၊ အခန်းအမှတ် (၂၀၁)ကိုရှာဖွေရာ အခန်းအတွင်း ဟိန်းအောင်ကျော်(ခ)ကိုဟိန်း၊ ဇွဲမာန်ဝင့်သူ(ခ)ဇွဲမာန်၊ ထက်အောင်ဝင်းနှင့် ရဲရန်နောင်တို့အားတွေ့ရှိရပြီး နေအိမ်အတွင်းမှ ဆေးခြောက် ၈ ကီလိုနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကိုလည်းကောင်း။

အလားတူ ညနေ ၃ နာရီခွဲတွင် နမ့်စလပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ကောင်းဝိန်းကျေးရွာအုပ်စု၊ တာယာကိုကျေးရွာနေ ချောင်စီ၏နေအိမ်ကို ရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား