စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကလေးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် သူနာပြုသွားဖွားသင်တန်းကျောင်းတို့ရှိ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

မုံရွာ ၁၉ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

s11

 

ရှေးဦးစွာ တွေ့ဆုံပွဲတွင် သင်တန်းကျောင်းအုပ် ဒေါ်ထန်းထုံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယနေ့တွေ့ဆုံပွဲတွင် သင်တန်းသူများအနေဖြင့် အချိန်ကို အကြိုးရှိရှိအသုံးချတတ်ဖို့လိုကြောင်း၊ ယခုတက်ရောက်နေတဲ့ သင်တန်းမှ သင်ကြားပေးလိုက်သော စာတွေ့၊ လက်တွေ့ ဘာသာရပ်အသီးသီးကို မိမိတို့ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ ဆန်းသစ်တီထွင်ကာ နိုင်ငံအကြိုး လူမျိုးအကြိုးကို ဆထက်ထမ်းပိုး ကြိးစားဆောင်ရွက်သွားကြပါလို့” တိုက်တွန်းဩဝါဒစကားများ ပြောကြားသည်။

 

s14

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါ သင်တန်းကျောင်းနှင့် သင်တန်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူများက လက်ခံရယူခဲ့သည်။

 

s23

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသူလေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသော လက်ရာများကို ကြည့်ရှုအားပေးပြီး သင်တန်းသူနှစ်ထပ်အိမ်ဆောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သင်တန်းခန်းမတွင် သင်ကြားပေးနေမှု အခြေအနေ၊ စားရိပ်သာဆောင်တွင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စားဖိုဆောင်တို့တွင် စားနပ်ရိက္ခာများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

s41

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းသင်တန်းခန်းမတွင် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “သူနာပြုနှင့် သားဖွားသင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြစေလိုကြောင်းနှင့်  မိမိတို့၏ အတတ်ပညာရပ်များဖြင့် နိုင်ငံအတွင်း တာဝန်ကျရာ ဒေသအသီးသီးတွင် စိတ်ရင်းစေတနာပါပါဖြင့် ပြည်သူကို အထူးအလေးထား စောင့်ရှောက်ပေးကြပါလို့” တိုက်တွန်း ဩဝါဒစကား ပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် အဆိုပါသင်တန်းကျောင်းနှင့် သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး သင်တန်းသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က သင်တန်းသားသင်တန်းသူများ၏ စာရိပ်သာဆောင်တွင် သန့်ရှင်းသပ်ရပ်စွာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် သင်တန်းကျောင်းတို့အား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)