မြန်မာ့သရေစာ မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

သပိတ်ကျင်း ၁၉ ဖေဖော်ဝါရီ

မြန်မာ့သရေစာ မုန့်အမျိုးပေါင်း (၂၃)မျိုးပါဝင်သည့် မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် မြို့မအခြေခံပညာ မူလတန်းကျောင်းတွင် စည်သားသိုက်မြိုက်စွာ ကျင်းပသည်။

 

4

 

အခြေခံပညာကျောင်းများတွင် မြန်မာမုန့်အမျိုးအစားများကိုသာ ရောင်းချစေပြီး ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးစေရန်ရည်ရွယ်၍ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ပြည်သူများ သိရှိလာစေရန် ကျောင်းပညာရေးစုံညီပွဲတော်တွင် ထည့်သွင်းကျင်းပရခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် နာယက ဦးကျော်စိုးလှိုင်က ပြောပြသည်။ 

 

5

 

အဆိုပါပွဲတော်တွင် မုန့်လက်ကောက်၊ မုန့်ဖက်ထုပ်၊ ကောက်ညှင်းပေါင်း၊ မုန့်ဆီကြော်၊ မုန့်ပြားသလက်၊ မုန့်ရေပါး၊ မုန့်ဦးနှောက်၊ မုန့်ကျွဲသဲ စသည့် မြန်မာ့ရိုးရာ အစားအစာ (၂၃)မျိုးကို ကျောင်းသားမိဘများ၊ စေတနာရှင်များက စုပေါင်းလာရောက် ကျွေးမွေးခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မြို့နေပြည်သူများ၊ လူဦးရေ ၁၀၀၀ ကျော်ခန့်က မိမိတို့ကြိုက်နှစ်သက်ရာ မုန့်များကို တပျော်တပါး လာရောက်သုံးဆောင်ခဲ့ကြပြီး အခြေခံပညာကျောင်းများတွင် မြန်မာ့မုန်ပဲသရေစာများကိုသာ စားသုံးသည့်အကျင့်များ ပြန်လည်ဖြစ်ပေါ်လာစေရေး ဆက်လက်ကျိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင်များထံမှ သိရသည်။

 

6

 

ထို့နောက် ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာ စတုတ္ထတန်း ကျောင်းသား/ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်မြင့်က ပညာရေးစုံညီပွဲတော် ကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ၂၀၁၉-၂၀၂၀ ပြည့်နှစ် ပညာရေးထူးချွန်ကျောင်းသားများနှင့် အားကစားထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြင့်စိန်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကာ အလှူရှင်မိသားစုများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုးနိုင်ဝင်း(သပိတ်ကျင်း)