ယခုနှစ် အလောင်းတော်ကဿပဘုရားဖူးရာသီတွင် ယခင်နှစ်များထက် ဘုရားဖူးဝင်ရောက်မှု လျော့နည်းလျက်ရှိ

ကနီ  ၁၉  ဖေဖော်ဝါရီ

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်းရှိ အလောင်းတော် ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ ဘုရားဖူးဝင်ရောက်မှုကို လွန်ခဲ့သည့်(၅)နှစ်တာကာလနှင့် နှိုင်းယှဉ်က ယခုနှစ်ဘုရားဖူးရာသီတွင် လျော့နည်းလျက်ရှိကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်ဘုရားဖူးရာသီလမ်းကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှစတင်ဖွင့်လှစ်ပြီးနောက်ပိုင်း အချိန်အခါ မဟုတ်မိုးရွာသွန်းခြင်း၊ တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ဝူဟန်ဗိုင်းရပ်စ်ကြောင့်လည်းကောင်း၊ သဘာဝဘေးတို့ကြောင့် ဘုရားဖူးဧည့်သည်ဝင်ရောက်မှုနည်းပါးခြင်းဖြစ်နိုင်ကြောင်း ဂေါပကအဖွဲ့မှ သုံးသပ် ခဲ့ကြောင်း သိရသည်။

“ အခုနှစ်မှာတော့ ဘုရားဖူးဧည့်သည်နည်းရတာက ရာသီဥတုကလည်းတစ်မျိုးဖြစ်သလို အခုလက်ရှိ တရုတ်နိုင်ငံမှာဖြစ်နေတဲ့ ရောဂါက လူများတဲ့နေရာတွေ ရှောင်ရမယ်ဆိုတာလည်း ပါတဲ့အတွက် ဘုရားဖူး ဝင်ရောက်မှု နည်းတာလည်းဖြစ်နိုင်တယ်၊ နောက်တစ်ခုက ဒီကိုဘုရားဖူးဝင်ရောက်တာက မန္တလေးမြို့က များတယ်၊ မန္တလေးက ဈေးကြီးမီးလောင်မှုဖြစ်တော့ အဲဒီ ဈေးကြီးနဲ့နှီးနွှယ်ကြတဲ့ ဘုရားဖူးဧည့်သည်တွေလည်း ဝင်ရောက်မှု မရှိတာလည်း အချက်တစ်ခုဖြစ်တယ်၊ ညအိပ်ဘုရားဖူးဧည့်သည်က ဖေဖော်ဝါရီလဆန်းပိုင်းမှာ အနည်းငယ်ပြန်များ လာတယ်လို့ ပြောရမှာဖြစ်တယ်၊ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ နည်းခဲ့တယ်၊ ခါတိုင်းနှစ်တွေနဲ့စာရင် အခုနှစ်ဘုရားဖူးရာသီမှာတော့ ဘုရားဖူးဧည့်သည်ဝင်ရောက်မှု အနည်းဆုံးလို့ ပြောရမှာဖြစ်ပါတယ်”” ဟု အလောင်းတော်ကဿပ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးထီမောင်က ပြောသည်။

ဘုရားဖူးဝင်ရောက်မှုနည်းပါးခြင်းကြောင့် အလောင်းတော်ကဿပဘုရားဖူးရာသီကိုမှီ၍လုပ်ကိုင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများတွင်လည်း ယခုနှစ်တွင် ရောင်းဝယ်မှုများ လျောကျခဲ့သဖြင့် အဆင်ပြေမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

 

bb

 

aa