ညောင်ဦးမြို့နယ်တွင် ပထမဆုံးဖွင့်လှစ်မည့် ပလင်းကမ်းသာယာ သဲသောင်အပန်းဖြေစခန်းနှင့် ရေချိုးဆိပ်အပန်းဖြေစခန်း ဖေဖော်ဝါရီလကုန်တွင် ဖွင့်လှစ်မည်

ညောင်ဦး  ၁၉  ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းဝင်း နှင့််ကပ်လျက် ဧရာဝတီမြစ်ကြီး၏ ကျွန်းလယ်ရေကျွန်း ရေတိမ်ပိုင်းအား ပလင်းကမ်းသာယာအပန်း ဖြေရေချိုးဆိပ်နှင့် အပန်းဖြေရေလယ်ကျွန်း နားနေတဲများဖြင့် လာရောက်အပန်းဖြေနားနေနိုင်ရန် ဖေ ဖော်ဝါရီလကုန်ပိုင်းစတင်ကာ ပလင်းကမ်းသာယာ မြစ်လယ်ကျွန်းရေတိမ်ပိုင်း အပန်းဖြေစခန်းဖွင့် လှစ်သွားမည်ဖြစ်ကာ ဆင်စခန်းဝင်ကြေးမှအပ မြစ်လယ်ကျွန်းသဲသောင်ပြင်ကမ်းသာယာသို့ ငွေကြေး ကောက်ခံမှုမရှိဘဲ အခမဲ့ဝင်ကြေးဖြင့် အပန်းဖြေနိုင်ရန် ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံက သိရသည်။

           

အဆိုပါ ဧရာဝတီမြစ်လယ်ကျွန်း သဲသောင်ပြင်ရေတိမ်ပိုင်းတွင် ဖွင့်လှစ်သွားမည့် ပလင်းကမ်းသာယာ အပန်းဖြေသဲသောင်ခုံကြီးများပေါ်နှင့် သဲသောင်ရေစပ်တွင် အပန်းဖြေလာသူများ စိတ်အေး ချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရန်အတွက် ရေပေါ်တဲများဆောက်လုပ်ပေးထားကာ ရေပေါ်တဲများပေါ်တွင် မိမိတို့စားသုံးလိုသည့် သန့်ရှင်းလတ်ဆတ်သည့် အသုပ်အမျိုးမျိုးနှင့် စားဖွယ်စုံများလည်း မှာယူစားသုံးနိုင်မည်ဖြစ်သည်။

 

6+

 

ထို့ပြင် ဧရာဝတီမြစ်လယ်ကျွန်း သဲသောင်ခုံပေါ်တွင် ဘော လုံးကွင်းတွင်ဘောလုံးကစားနိုင်ခြင်းနှင့် ဘော်လီဘောကစားနိုင်ရန်စီစဉ်ပေးထားခြင်းများ၊ရေတိမ် ပိုင်းတွင် သန့်ရှင်ကြည်လင်အေးမြသည့် ဧရာဝတီမြစ်ရေချိုးနိုင်ကာ ကားတာယာများ၊ဖော့ကွင်းများ ဖြင့်ရေစိမ်ခြင်း၊ ဘောကွင်းစီးခြင်းများအား အခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

ပလင်းကမ်းသာယာ ရေလယ်သောင်အပန်းဖြေစခန်းဖွင့်လှစ်ခြင်းမှာ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လာရောက်ကာ ဘုရားဖူးလာကြပြီး ခရီး တစ်ထောက်နားနေရာအဖြစ် ပလင်းကမ်းသာယာဆင်စခန်းနှင့်တွဲဖက်ပြီး မြစ်လယ်ကျွန်းအပန်းဖြေ စခန်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်စခန်းဝင်ကြေး ပြည်တွင်း (၁၀၀၀)ကျပ်သာ ပေးရပြီး အပန်း ဖြေ ရေလယ်ကျွန်းဘက်တွင် အခကြေးငွေမပေးရဘဲ အနားယူအပန်းဖြေနိုင်ကြောင်း သိရပြီး ပြည်ပ ဧည့်သည်တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး (၁၀၀၀၀)ကျပ်၊ ဆင်စီးခပြည်တွင်း (၅၀၀၀)ကျပ်နှင့် ဆင်စီးခ ပြည်ပဧည့်သည်တစ်ဦးလျှင် (၁၀၀၀၀)ကျပ် သတ်မှတ်ထားကြောင်း လက်ထောက်မန်နေဂျာ ၊ ဦးမျိုးမင်းကို မှ ပြောကြားသည်။

 

ဆင်စခန်းလာ ဆင်ချစ်သူများ စိတ်အေးချမ်းသာစွာအနားယူနိုင်ရန်နှင့် ဓာတ်ပုံဝါသနာရှင်များ ဓာတ်ပုံရိုက်နိုင်ရန် မြစ်ကမ်းဘေးတွင် ဒန်းများဆောက်လုပ်ထားခြင်း၊ အသဲပုံနှင့် နေကြာပန်းခင်းများစိုက်ပျိုးထားခြင်း၊ ဆင်စခန်းဝင်းအတွင်း ကလေးကစားကွင်းနှင့်မြက် ခင်းပြင် ပန်းဥယျာဉ်တည်ဆောက်ပေးထားခြင်း၊ ဆီးဆော၊ တံတားအသေးစားများ ကလေးငယ်များပါ အပန်းဖြေကစားနိုင်ရန် စီစဉ်ပေးထားခြင်းများကြောင့် လာရောက်လည်ပတ်သူများပြားလျက်ရှိပြီး ယခုအခါ ပလင်းကမ်းသာယာ သဲသောင်ပြင်အပန်းဖြေစခန်းပါ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပြီး ပုဂံ-ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ ၊ မြင်းခြံ၊ တောင်သာ မြို့များနှင့် အလွန်နီးသည့် ပလင်းကမ်းသာယာ သဲသောင်ပြင်၊ ရေတိမ်ပိုင်းအပန်းဖြေစခန်းသို့ လာ ရောက်အပန်းဖြေနိုင်ပါကြောင်းနှင့် အဆိုပါနေရာသည် ညောင်ဦးမြို့နယ်မှ(၅)မိုင်ခန့်အကွာ ၊ ပခုက္ကူ ၊မြင်းခြံမြို့ဘက်အထွက် အနောက်ပုလင်းကျေးရွာအနီး ပလင်းကမ်းသာယာဆင်စခန်းဝင်းနှင့် တွဲ ဖက်ဖွင့်လှစ်ထားရှိကာ ဖေဖော်ဝါရီလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                       

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)