JICM အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(၁) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၁၆ ဖေဖော်ဝါရီ 

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်(၁) အကောင်အထည်ဖော်နိုင်ရန် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေ၊ ညှိနှိုင်းရေးမှူး စိုင်းလျန်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာရွှေခါးရ်၊ စောတာမလာသော၊ ခွန်အောင်မန်းနှင့် နိုင်အောင်မငေးတို့ တက်ရောက်ကြသည်။ 

အစည်းအဝေး၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် NCA အခန်း(၃) “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ”၊ NCA အခန်း (၄) “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း”၊ NCA အခန်း (၆) “ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ”နှင့်  ပတ်သက်ပြီး NCA ပါ သဘောတူညီချက်များအရ နှစ်ဖက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များကို ဦးစားပေး လုပ်ငန်းစဉ်များအဖြစ် ချမှတ်၍ ဆွေးနွေးအကောင်အထည်ဖော်ရန် သဘောတူခဲ့ကြပါကြောင်း၊ အဆိုပါ ဆွေးနွေးမှုများ နှင့်အပြိုင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးများကို ကျင်းပသွားရန်လည်း သဘောတူခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် JICM ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်အတွက် နှစ်ဖက် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် JICM အစည်းအဝေး ဆုံးဖြတ်ချက်အမှတ်(၁)နှင့် စပ်လျဉ်း၍ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန်၊ ဆွေးနွေးမည့်ခေါင်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းသတ်မှတ်ကြရန် သဘောတူညီခဲ့ကြပါကြောင်း၊  ထို့ကြောင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့များ ယနေ့ တွေ့ဆုံကြခြင်းဖြစ်ကြောင်း။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် - NCA တွင် နိုင်ငံရေးဆိုင်ရာ အချက် (၃၅)ချက်၊ စစ်ဘက်ဆိုင်ရာ အချက် (၅၅)ချက်နှင့်  လူမှုစီးပွားဘဝနှင့် ဆိုင်သည့် အချက် (၂၃)ချက် ပါဝင်ပါကြောင်း၊ စစ်ဘက်ဆိုင်ရာ အချက် (၅၅)ချက်ကို ပြန်ကြည့်ပါက အဓိကအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို မည်ကဲ့သို့ဆောင်ရွက် ကြမည်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရန် မည်ကဲ့သို့ လုပ်ဆောင်ကြမည်ကို နှစ်ဖက် ကတိကဝတ်ပြု သဘောတူထားခြင်းဖြစ်ပါကြောင်း၊ သဘောတူယုံမျှနှင့် မပြီးဘဲ လက်တွေ့မည်သို့ဖော်ဆောင်ကြမည်ဆိုသည်ကို နှစ်ဖက်ညှိနှိုင်း၍ ဆက်လက်အကောင် အထည်ဖော်ကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် NCA စာချုပ်တွင် ကတိကဝတ်ပြု သဘောတူခဲ့ကြသည့်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးများကျင်းပကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း နှစ်ဖက် လေးစား လိုက်နာရမည့် ပစ်ခတ် တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် (Military Code of Conduct –CoC) ပါ အချက်များကို လိုက်နာစောင့်ထိန်းရန်၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာအောင် အကောင်အထည်ဖော်ရန်၊ နှစ်ဘက် တပ်များအကြား ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးတည်ဆောက် သွားကြရန် လိုအပ်သည်ကိုလည်း အလေးအနက် ပြောကြားလိုပါကြောင်း၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဖက်နှင့်တစ်ဖက် အခွင့်အရေး မယူဘဲ NCA စာချုပ်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို အကောင်အထည် ဖော်သွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ရရှိလာမည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အပြင် အနာဂတ် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေက ယနေ့ ဆွေနွေးပွဲသည် (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက် (၁)ပါ အကြောင်းအရာ များအရ NCA ပါ ခေါင်းဆောင်အသီးသီးတို့၏ သဘောတူညီချက်များမှ အခန်း (၃) ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း ခိုင်မာအောင် လုပ်ဆောင်ခြင်း ကိစ္စရပ်များ အပေါ် အခြေခံ၍ အခန်း (၃) ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ခိုင်မာသည့် ယန္တရား တည်ဆောက်၍ ၎င်းတို့မှ ထွက်ရှိလာသည့် သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုသို့ သဘောတူညီချက်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ လုပ်ဆောင်ရာတွင် အခန်း (၄) ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာစေခြင်းကို ထိရောက်မှုရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

NCA ၏ အခန်း (၃)၊ အခန်း (၄) ပါ အကြောင်းအရာများ ဆောင်ရွက်နေစဉ်အတွင်း အဖွဲ့အစည်း အသီးသီးအကြား ပြုလုပ်ခဲ့ကြသည့် ပဏာမ သဘောတူညီချက်များနှင့် NCA စာချုပ် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များကိုလည်း ထည့်သွင်း ဆွေးနွေးသွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ အကြောင်းအရာများကို အခြေခံပြီး ခေါင်းဆောင်အသီးသီးတို့ သည် မိမိတို့ အဖွဲ့အစည်းအသီးသီး၏ တာဝန်ပေးချက်အရ ကတိပြုလက်မှတ်ရေးထိုး ထားသည့် စာချုပ်များကို အခြေခံ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အထောက်အကူပြုသူများအဖြစ် တန်းတူရည်တူ ဆွေးနွေးကြရမည် ဖြစ်သလို၊ အထောက်အကူပြုနိုင်သူများ အဖြစ် ဆွေးနွေးကြပါရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားသည်။  

JICM အစည်းအဝေးဆုံးဖြတ်ချက် အမှတ်(၁) တွင် NCA အခန်း(၃) ပစ်ခတ် တိုက်ခိုက်မှု့ ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်းအခန်း (၆) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး ဦးစားပေး အကောင်အထည်ဖေါ်ရန်၊ ဆွေးနွေးမှုများနှင့်အပြိုင် JMC အစည်းအဝေးများကို ကျင်းပရန်တို့ပါရှိသည်။ 

အစည်းအဝေးအပြီးတွင် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ နိဂုံးချုပ်အမှာစကားပြောကြားကြသည်။ 

ဦးထွန်းထွန်းဦးက “ဒီနေ့မှာ JICM ဆုံးဖြတ်ချက်တွေ ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေ၊  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာအောင် လုပ်ဆောင်ရေး ကိစ္စရပ်တွေ၊ ကြားကာလအတွင်း စီမံဆောင်ရွက်ရမယ့် အစီအစဉ်တွေနဲ့ ပတ်သတ်ပြီး နှစ်ဖက် ပြင်ဆင်ထားပြီးဖြစ်သော်လည်းပဲ ကြားမှာ နားလည်မှုတွေ ရရှိဖို့ဆွေးနွေးနိုင်ခဲ့ပါတယ်။ နောက်ထပ် ကျွန်တော်တို့ရဲ့ အဆိုပြုချက်တွေ အပေါ်မှာလည်း ရက်ပိုင်း အတွင်းမှာ ပြန်လည် အတည်ပြုပေးနိုင်မယ်ဆိုပြီး ဆွေးနွေးနိုင်ခဲ့ကြတာ ဖြစ်လို့ အင်မတန်မှ ကောင်းတဲ့ ရလဒ်တွေ ဖြစ်တယ်။ JICM ဆုံးဖြတ်ချက် သဘောတူညီချက်ပါ တစ်ချက် ဖြစ်တဲ့ နှစ်လ အတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးမှု ပူးတွဲကော်မတီ (UPDJC) ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အစည်းအဝေးကို ခေါ်ဖို့ သဘောတူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း မတ်လ (၁၀)၊ (၁၁)၊ (၁၂) ကြားမှာ JMC အစည်းအဝေးကို ခေါ်ယူဖို့ အကြမ်းဖျင်း သဘောတူခဲ့ကြပြီး ဆက်လက်အတည်ပြုဖို့ သတ်မှတ်ပါမယ်” ဟု နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ယနေ့အစည်းအဝေးတွင် (၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက် (၈) ချက်အနက် ဆုံးဖြတ်ချက် အမှတ်(၁) အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၁၇ နှင့် ၁၈ ရက်များတွင်လည်း ဆွေးနွေးရန်ကျန်ရှိသည့် JICM အစည်းအဝေးဆုံးဖြတ်ချက် များကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အခုဆွေးနွေးပွဲက (၃) ရက်ကြာပါမယ်။ ဒီနေ့မှာ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား (၁၀) ဖွဲ့ စုဖွဲ့ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် ညှိနှိုင်းတဲ့ အဖွဲ့တွေ အနေနဲ့ ဆွေးနွေးတာ ဖြစ်တယ်။ ရှေ့ဘာတွေ ဆက်လက်ဆွေးနွေးမလဲ ဆိုတာတွေ ညှိနှိုင်းနိုင်ခဲ့တယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကတော့ (၈) ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ နှစ်လ အတွင်းမှာ အစည်းအဝေးတွေ ပြန်စဖို့ မတ်လ (၁၀)၊ (၁၁)၊ (၁၂) မှာ ပြန်စနိုင်ဖို့ အဆိုပြုနိုင်ခဲ့တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကလည်း အဲဒီရက်တွေမှာ ဆောင်ရွက်နိုင်မယ် လို့ကျွန်တော်တို့က မျှော်လင့်တယ။် နက်ဖြန်မှာတော့ JICM ဆွေးနွေးပွဲက ကျန်တဲ့ (၇) ချက်မှာပါတဲ့နိုင်ငံရေး ဆွေးနွေးပွဲကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဆက်ဆွေးနွေးဖို့ ရှိတယ်။ ဧပြီလထဲမှာ ညီလာခံ လုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဘယ်လောက်မြန်မြန် ညီလာခံလုပ်နိုင်မလဲ ဆိုတာတော့ နက်ဖြန် (၁၇) နဲ့ (၁၈) ဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေအပေါ် မူတည်ပါတယ်” ဟုပြောသည်။
 
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရနှင့်NCA-S EAO တို့၏ ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။  

သတင်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်