ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဆေးတက္ကသိုလ်(မန္တလေး)သို့  သွားရောက်၍ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

မန္တလေး   ၁၆   ဖေဖော်ဝါရီ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီ (၁၅) ရက် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ် (မန္တလေး) သို့ သွားရောက်၍ သင်ကြား ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခန္ဓာဗေဒဌာနမှ ခန္ဓာဗေဒ ခွဲစိတ်ခန်း၊ ဇီဝကမ္မဗေဒဌာန၊ ခေတ်မီစာကြည့်တိုက်နှင့် တက္ကသိုလ်အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်တို့သို့လည်းကောင်း၊ အခြေခံအုတ်မြစ်စာသင်နှစ်မှ သင်တန်းသား၊ သင်တန်းသူများကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာလမှစတင်၍ “ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း”ဖြင့် သင်ကြားနေမှုအခြေအနေနှင့် ယင်းသင်ရိုးညွှန်းတမ်းအရ အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်းဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုရာ ဆေးတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် (မန္တလေး) မှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်က ဆေးတက္ကသိုလ် (မန္တလေး) တွင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်မှုပိုင်းပြည့်ဝပြီး (technically savvy) ကျင့်ဝတ် လိုက်နာသော (ethically minded)၊ အနာဂတ်မျှော်မှန်းအမြင်ရှိသော (forward looking) ဆေးပညာရှင်ကောင်းများ မွေးထုတ်နိုင်ရန်အတွက် ဆရာ၊ ဆရာမများအားလုံးက ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့မြင်နေရခြင်းသည် မြန်မာနိုင်ငံ ဆေးပညာလောကအတွက် အထူး ကောင်းမွန်ပါကြောင်း၊ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် သုတေသနလုပ်ငန်း များကို တက္ကသိုလ်၏ သင်ရိုးညွှန်းတမ်း၌ အရေးကြီးသည့် အပိုင်းအဖြစ်သတ်မှတ်သင်ကြားပြီး မိမိတို့ဝန်ကြီးဌာနမှလည်း သုတေသနဆောင်ရွက်ရန် ယခု (၂၀၁၉-၂၀)ဘဏ္ဍာနှစ်၌ ငွေကျပ်သန်း (၃၀ဝ၀) ချထားသဖြင့် အဆိုပါ ဘဏ္ဍာငွေများဖြင့် အရေးကြီးသည့် သုတေသနများကို ဆောင်ရွက်စေလိုပါကြောင်း၊လာမည့် (၂၀၂၀-၂၁) ဘဏ္ဍာနှစ်တွင်လည်း ငွေကျပ်သန်း (၄၅၀ဝ) အထိသုံးစွဲနိုင်ရန် ရည်မှန်းထားပါကြောင်း။

ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတွင် သုတေသနဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေကာ သုတေသနဆောင်ရွက်သည့် ယဉ်ကျေးမှု (research culture) ဖွံ့ဖြိုးတိုးတက်ရန် အထူးအရေးကြီးသည့်အတွက် ဆရာ၊ ဆရာမများအနေဖြင့် ပြုစုပျိုးထောင်၍ ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၂၀၁၆) ခုနှစ်၊ ဧပြီလမှ ယခုအထိ သုတေသနပြုလုပ်ရန် ရန်ပုံငွေ ကျပ်သန်း (၆၀ဝ၀) ကိုခွင့်ပြုချထားပေးခဲ့ပါကြောင်း၊ အဆိုပါ ရန်ပုံငွေများကို အဆိုပြုလွှာ လျှောက်ထားရယူ၍ ဆရာ၊ ဆရာမများက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အသုံးချသုတေသနများ၊ ကုထုံးဆိုင်ရာ သုတေသန များကို ဆောင်ရွက်သွားစေလိုပါကြောင်း။

မြန်မာနိုင်ငံရှိတက္ကသိုလ်များ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်မားစေရေးအတွက် တက္ကသိုလ်အလိုက် သုတေသနစာတမ်းများထွက်ရှိခြင်းသည်လည်း အရေးကြီးသည့် စံနှုန်း တစ်ခုဖြစ်ပါကြောင်း၊ ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင် ရုံးခွဲ) တွင် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်မှစတင်၍ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဖြစ် ဖွင့်လှစ် သင်ကြားလျက်ရှိရာ စိတ်ပါဝင်စားသူ ဆရာ၊ ဆရာမများ တက်ရောက်နိုင်ပါကြောင်း၊ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) တွင် အခြေခံအုတ်မြစ်စာသင်နှစ် (foundation year) မှ နောက်ဆုံးနှစ် အထိ သုတေသနဆိုင်ရာ သင်ကြားခြင်းများပါဝင်သဖြင့် ထွက်ပေါ်လာမည့် ဆရာဝန်များအနေဖြင့် သုတေသနလုပ်ကိုင်လိုသည့် စိတ်ဓာတ်များ ပေါက်ဖွားရှင်သန်လာမည်မှာ သေချာပါကြောင်း၊ ဤအချက်သည် နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ် (မန္တလေး) တွင် သုတေသနဆိုင်ရာကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ (Institutional Review Board) များကို ပိုမိုတိုးချဲ့ဖွဲ့စည်းစေလိုပြီး ကျင့်ဝတ်ဂုဏ်သိက္ခာမြင့်မားခိုင်မာသော သုတေသနများ ဖြစ်စေရေး စောင့်ကြည့်ရေး အဖွဲ့ (office of research integrity unit) ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားစေလိုပါကြောင်း။

ဆေးလက်တွေ့ပညာရပ်များတွင် ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန်များ (board certified specialist) များ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာစေရေးကို မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ဘာသာရပ်ဆိုင်ရာအဖွဲ့ (society) အသီးသီးနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်စေလိုပါကြောင်း၊ ဘွဲ့လွန်ဆေးလက်တွေ့ ပညာရပ်သင်ကြားမှု ကိစ္စရပ်များတွင် ဘွဲ့လွန်ဘွဲ့များကိုပေးသည်မှာ ကောင်းမွန်သော်လည်း (fellow system) ပုံစံဖြင့် ပေါင်းစပ်ပြီး အထူးကုဆရာဝန်များ မွေးထုတ် နိုင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ကြစေ လိုပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ယခုအချိန်၌ အရေးတကြီး လိုအပ်လျက်ရှိသော ဆေးပညာဘာသာရပ်အသီးသီးတွင် လာမည့်ပညာသင်နှစ် တွင် ဘွဲ့လွန်ဝင်ခွင့် အရေအတွက်များပိုမိုတိုးမြှင့်ခေါ်စေလိုပါကြောင်း၊ ဆေးနှင့်ဆေး နှီးနွှယ် တက္ကသိုလ်များ အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန် လွှာများ ယခုထက်ပိုမိုတိုးမြှင့်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့ မိမိအနေဖြင့် ဆေးတက္ကသိုလ် (မန္တလေး) တွင် အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်း (small group teaching) များကို လှည့်လည်ကြည့်ရှုခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် တက်ကြွ စွာပါဝင်ခြင်း၊ ဟောပြောခြင်းများဖြင့် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းသင်ကြား နေမှုများကို တွေ့မြင်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် မြန်မာနိုင်ငံ ဆေးပညာလောက ရှေ့ရေးအတွက် အလွန်ကောင်းမွန်သော လက္ခဏာဖြစ်ပါကြောင်း၊ တက္ကသိုလ် ပါမောက္ခချုပ် အနေဖြင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အလွတ်သဘော မကြာခဏတွေ့ဆုံ၍ တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုပါကြောင်း၊ မျိုးဆက် သစ်ဆေးပညာရှင်များအတွက် လက်ဦးဆရာများဖြစ်သည့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက် များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဆေးတက္ကသိုလ် (မန္တလေး)  မှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဘက် ပါမောက္ခများ၊ ကထိက၊ ဆရာ၊ ဆရာမများက သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို အသီးသီးတင်ပြခဲ့ကြပြီး၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆွေးနွေးအကြံပြုချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသန ဦးစီးဌာန) ပါမောက္ခဒေါက်တာဇော်သန်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး) ဒေါက်တာတင်ထွန်းတို့ကို ပြန်လည်ဆွေးနွေးပြောကြားသည်။

(သတင်းစဉ်)