ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ) ကျင်းပ

နေပြည်တော် ၁၆ ဖေဖော်ဝါရီ 

ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲဆင့်ပွား ဆွေးနွေးပွဲ (အခြေခံ ပညာကဏ္ဍ) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မွေးဖွားလာသည့်အချိန်မှစ၍ သင်ယူမှုများကို ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ဘဝရပ်တည်မှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများရှိရန် လိုအပ်ပါကြောင်း၊ ဘဝတစ်လျှောက်လုံး သင်ယူ မှုအခွင့်အလမ်းများရှိရန်၊ အထူးပြုဘာသာရပ် နည်းနည်းကို နက်နက်နဲနဲ သင်ယူနိုင်ရန်နှင့် ကျွမ်းကျင်မှုရှိရန် သင်တန်းများဖွင့်လှစ်ပေးပြီး များများလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း။

ပညာရေးသင်ယူမှုအခွင့်အလမ်းပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သောပညာရေးသည် Education 4.0 ဖြစ်ပါကြောင်း၊ Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်း သည် အရေးအကြီးဆုံးဖြစ် ပါကြောင်း၊ အရည်အသွေးရှိသည့်ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေ ရပြီး ဘဝ တစ်သက်တာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ သင်ယူသူ တစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူ တတ်မြောက်မှု အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း။


ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ပြီး အရည်အသွေးရှိသောပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်းများပြုပြင် ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+ တစ်ဆယ့် နှစ်တန်း ပညာရေးအတွက် ဘာသာစုံသင်ရိုးညွှန်းတမ်း စာအုပ်များအားလုံးပြီးစီးမည်ဖြစ်ပါကြောင်း၊‌ ယခုနှစ် နွေရာသီတွင် မူလတန်းပြဆရာ ဆရာမအားလုံး (Grade-4) စတုတ္ထတန်း သင်တန်း၊ အလယ်တန်းပြ ဆရာ ဆရာမများအားလုံး(Grade-7)သတ္တမတန်းသင်တန်းနှင့် အထက်တန်းပြ ဆရာဆရာမများအားလုံးကို (Grade-10) ဒသမတန်း သင်တန်းများပေးသွားမည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ဆရာ ဆရာမများအနေဖြင့် သင်ယူ ရာတွင် တော်ကြသည်ကို သိရှိပါကြောင်း၊ သင်ယူရာတွင် တော်သကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြ မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်နှင့် ကျောင်းတွင် ပျော်ရွှင်အောင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ကလေးများ ကျောင်းသွားရသည် ကို ပျော်မှသာ ပညာတတ်များဖြစ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ် လျက်ရှိပြီး အဓိကအနေဖြင့် ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများထက် တစ်မူထူးပြီး တော်စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင်လည်း တော်စေချင်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိတို့လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ရန်၊ တိုးတက်ရန် ဖော်ဆောင်ပေးနိုင်သည့် ကလေးငယ်များကို မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေး ကဏ္ဍဆိုင်ရာ များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာ တင်မောင်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်တို့က စာတမ်းများနှင့် စပ်လျဉ်း၍ အနှစ်ချုပ်တင်ပြ ကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ‌ ဖြစ်မြောက်ရေး ဦးဆောင်ပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမင်းဦးနှင့် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းတို့အား တောင်ငူခရိုင် ပညာရေးမိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)