ကန်တော်နဒီဆေးရုံတွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိစောင့်ကြည့်ကာလ ပြည့်မြောက်ပြီဖြစ်၍ နေအိမ်သို့ပြန်မည့် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး  သွားရောက်တွေ့ဆုံ

မန္တလေး  ၁၆   ဖေဖော်ဝါရီ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့သွားရောက်ပြီး ဆေးရုံ၌ သီးခြား ထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိစောင့်ကြည့်ကာလ (၁၄) ရက် ပြည့်မြောက်ပြီးနောက် ကျန်းမာ ရေးအခြေအနေကောင်းမွန်၍ နေအိမ်အသီးသီးသို့ပြန်တော့မည့် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးနှင့် ကျန်းမာရေးဝန်ထမ်း (၃) ဦးတို့ကို သွားရောက်တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ခေါ်ဆောင်ရာတွင်လိုက်ပါသွားသော ကျန်းမာရေးဆေးအဖွဲ့ဝင်များ၊ ကန်တော်နဒီဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်သည်။

 

a

 

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက COVID-19 လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ စတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများကို အမိမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးအတွက် နိုင်ငံတော်အကြီးအကဲများက မိမိအား လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ မိမိအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကပ်ရောဂါဗေဒပညာရှင်များ၊ ဆေးပညာရှင်များနှင့်တွေ့ဆုံ၍ ထိုသို့ ပြန်လည်ခေါ်ယူရာတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ သီးခြားထားရှိ၍ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားမှု သံသယလက္ခဏာများရှိပါက ကုသမှုချက်ချင်းပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ချက်ချင်းတိုင်ပင်ဆွေးနွေးခဲ့ပါ ကြောင်း၊ ဆက်လက်၍ နှီးနွှယ်ဝန်ကြီးဌာနများနှင့်် ချိတ်ဆက်ပူးပေါင်းကာ ပြန်လည်ခေါ်ဆောင် ရေး အစီအစဉ်များကိုလည်း အသေးစိတ်ရေးဆွဲခဲ့ပါကြောင်း၊ ထို့နောက် သီးခြားထားရှိကာ ရောဂါ စောင့်ကြပ်ကြည့်ရှုမည့် နေရာအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံကို ရွေးချယ်ပြီး ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ခြင်း၊ အခန်းများပြင်ဆင်ခြင်း၊ ဝန်ထမ်းများတာဝန် ချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ဝူဟန်မြို့သို့သွားရောက်ခေါ်ယူရာတွင် လိုက်ပါမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း မသွားရောက်မီ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံ၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာရှုထောင့်မှ  အသေးစိတ်လမ်းညွှန်မှုများပေးအပ်ခဲ့ပါကြောင်း။

ရောဂါစောင့်ကြပ်ကြည့်ရှုမှုကာလပြီးမြောက်၍ နေအိမ်သို့ပြန်လည်ရောက်ရှိရာတွင်လည်း ဝန်ကြီးဌာနမှ ပေးအပ်လိုက်မည့် ကျန်းမာရေးညွှန်ကြားချက်များ၊ ကျန်းမာရေးအသိပညာ အချက်အလက်များ အတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး နေထိုင်မကောင်းမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက်တွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

a

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပညာသင်များ နေအိမ်သို့ ပြန်သွားပြီးနောက် လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးအသိပညာအချက်အလက်များကို ပြောကြားသည်။

ဆက်လက်၍ ပညာသင်များကို အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူရာတွင် လိုက်ပါခဲ့သော ကျန်းမာရေးဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ မန္တလေးမြို့တော်ဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဂုဏ်ပြုဆုများကို ပေးအပ်သည်။ 

(သတင်းစဉ်)