ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကိုယ်ကျင့်သီလဗဟုသုတ ရေးဖြေပြိုင်ပွဲ အောင်မြင်သူများအား ဆုချီးမြှင့်

ထားဝယ်      ၁၆      ဖေဖော်ဝါရီ  

ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးကိုယ်ကျင့်သီလဗဟုသုတရေးဖြေပြိုင်ပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးအား Certificate လက်မှတ်များပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်အောင်မြင်သူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား /ကျောင်းသူများ က နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ထို့နောက် ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ က အဖွင့်သြဝါဒမြွက်ကြားပြီး ထိုင်းနိုင်ငံ၊ ဓမ္မကာယကျောင်းတိုက်မှ ဆရာတော် Ven-Keerati Kittiko က ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ ရေးဖြေပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမြွက်ကြားကာ ထိုင်းနိုင်ငံဓမ္မကာယဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် သာသနာရေးနှင့် လူမှု ဆိုင်ရာ စီမံထူးချွန်ဆု ကို ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသာနာ့ရိပ်သာ ဆရာတော် ဦးဣန္ဒဉာဏအား ဆက်ကပ်၍ ထားဝယ်ဗုဒ္ဓကောလိပ် ကျောင်းသား ဦးလင်းဦးအား ပေးအပ်ခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတရေးဖြေပြိုင်ပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ(၁၄၇၀)ဦးအနက်မှ ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တို့အား Certificate လက်မှတ်များနှင့် ထပ်ဆင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ၊မြို့မယဉ်သာသနာ့ ရိပ်သာကျောင်းထိုင် ဆရာတော်က ကျေးဇူးတင်ဝမ်းမြောက်စကား  မြွက်ကြားခဲ့ကြောင်း သတင်းရရှိသည်။


(တိုင်းဒေသကြီးပြန်/ဆက်)