MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU အသင်း နှစ်နှစ်ဆက်ဗိုလ်စွဲ

၁၅ ဖေဖော်ဝါရီ

 

၂၀၁၉ - ၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် (၂၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပရာ MIU အသင်း နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့သည်။

 

ဖူဆယ်လိဂ်ပြိုင်ပွဲတွင် နောက်ဆုံးပွဲပြီးမှ ချန်ပီယံအသင်း ထွက်ပေါ်ခဲ့ပြီး MIU အသင်းနှင့် VUC အသင်းတို့ပွဲမှာ အဆုံးအဖြတ်ဖြစ်ခဲ့သည်။ ယင်းပွဲတွင် လေးဂိုးစီ သရေကျခဲ့သောကြောင့် MIU အသင်းက အဝေးဂိုး စည်းမျဉ်းဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပထမအကျော့တွင် နှစ်ဂိုးစီသရေကျခဲ့ပြီး VUC အသင်းက အိမ်ကွင်းကစားသည့် ယခုဒုတိယအကျော့ပွဲတွင် လေးဂိုးစီ သရေကျသဖြင့် နှစ်ကျော့စလုံး သရေကျသော်လည်း MIU အသင်းက အဝေးကွင်းတွင်  ဂိုးပိုသွင်းနိုင်သောကြောင့် အဝေးဂိုးစည်းမျဉ်းဖြင့် ချန်ပီယံဆု ဆက်လက်ကာကွယ်ကာ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် လေးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်။

 

mdn

 

ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး MIU အသင်းက နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများ သွင်းယူနိုင်သော်လည်း VUC အသင်းက ချေပဂိုးများ ပြန်သွင်းကာ နှစ်ဂိုးစီ သရေကျပြီးနောက်ပိုင်းတွင် နှစ်ဂိုးထပ်မံသွင်းယူပြီး လေးဂိုး-နှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ အခြားပွဲများတွင် Dream Team က Winner အသင်းကို ငါးဂိုး-သုံးဂိုး၊ Do Do Ko Ko အသင်းက လက်ဝဲသုန္ဒရအသင်းကို ရှစ်ဂိုး-နှစ်ဂိုး၊ GV အသင်းက ဖူဆယ်ချစ်သူအသင်းကို လေးဂိုး-တစ်ဂိုး၊ On Doctor အသင်းက AMM Brothers အသင်းကို သုံးဂိုး-နှစ်ဂိုး၊ MFF ယူ-၁၉ အသင်းက မြို့မ JY အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

VUC နှင့် MIU အသင်းတို့ ပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ အဆင့် (၅) ရရှိသည့် MFF ယူ-၁၉ အသင်းအား ဆုကြေးကျပ် ၂၅ သိန်း၊ အဆင့် (၄) ရရှိသည့် On Doctor အသင်းအား ကျပ်သိန်း ၄၀၊ အကောင်းဆုံးကစားသမားဆုရရှိသည့် တိုတာ (VUC) အား ဆုတံဆိပ်နှင့် ဆုကြေးကျပ်သုံးသိန်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် ညီညီသန့် (GV) အား ဆုတံဆိပ်နှင့် ဆုကြေးကျပ်သုံးသိန်း၊ အသန့်ရှင်းဆုံး အသင်းဆုရရှိသည့် MFF ယူ-၁၉ အသင်းအား ဆုဖလားနှင့် ဆုကြေးကျပ်ငါးသိန်း၊ တတိယဆုရရှိသည့် GV အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၆၀၊ ဒုတိယဆုရရှိသည့် VUC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၇၅ သိန်း၊ ပထမဆုရရှိသည့် MIU အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၁၀ဝ နှင့် ချန်ပီယံဆုဖလားတို့ကို  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ အသင်းပိုင်ရှင်များက ဆုများပေးအပ်ချီးမြင့်သည်။

 

ပြိုင်ပွဲအပြီးတွင် MIU အသင်းနှင့် VUC အသင်းတို့ ၆၂ မှတ်စီရသော်လည်း အဝေးဂိုးစည်းမျဉ်းဖြင့် MIU အသင်းက ချန်ပီယံဖြစ်ကာ VUC အသင်းက ဒုတိယဆုရခဲ့သည်။ GV အသင်းက ၅၄ မှတ်ဖြင့် တတိယ၊ On Doctor အသင်းက ၃၉ မှတ်ဖြင့် အဆင့် (၄)၊ MFF ယူ-၁၉ အသင်းက ၃၁ မှတ်ဖြင့် အဆင့် ၅၊ မြို့မ JY အသင်းက အဆင့် (၆)၊ Winner အသင်းက  အဆင့် (၇)၊ Do Do Ko Ko အသင်းက အဆင့် (၈)၊ Dream Team က အဆင့် (၉)၊ AMM Brothers အသင်းက အဆင့် (၁၀)၊ ဖူဆယ်ချစ်သူအသင်းက အဆင့် (၁၁)၊ လက်ဝဲသုန္ဒရအသင်းက အဆင့် (၁၂) ရရှိခဲ့ပြီး ဆုကြေးများအဖြစ် ပထမဆု ကျပ်သိန်း ၁၀ဝ၊ ဒုတိယဆု ကျပ် ၇၅ သိန်း၊ တတိယဆု ကျပ် သိန်း ၆၀၊ စတုတ္ထဆု ကျပ်သိန်း၄၀၊ ပဉ္စမဆု ကျပ် ၂၅ သိန်း၊ အဆင့် ၆၊ ၇ အသင်းကို ကျပ်သိန်း ၂၀ စီ၊ အဆင့် ၈ အသင်းကို ကျပ် ၁၅ သိန်း၊ အဆင့် ၉ အသင်းကို ကျပ် ၁၀ သိန်းနှင့် ကျန်သုံးသင်းကို ကျပ်ငါးသိန်းစီချီးမြှင့်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်