မိုးညှင်းမြို့နယ်၌ နေအိမ်ခြံဝင်းအတွင်း မြေညှိရာမှ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိ

မိုးညှင်း  ၁၅   ဖေဖော်ဝါရီ 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာ၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက နေအိမ်ခြံဝင်းအတွင်း မြေညှိရာမှ ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၈ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ သရက်ကုန်းရပ်ကွက်ရှိ ဒေါ်လှထူး(၆၄ နှစ်)၏ နေအိမ်ခြံဝင်းအတွင်း နေအိမ်ဆောက်လုပ်ရန်မြေညှိရာမှ အလုပ်သမားဖြစ်သူ ဦးမောင်ပါမှ ဗုံးသီးဟောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ သတင်းပို့အကြောင်းကြားခဲ့သည်။


အဆိုပါ ဗုံးသီးဟောင်းမှာ အလေးချိန် ၁၀၈ ပေါင်ခန့်၊ အရှည်(၂ ပေ၊ ၈ လက်မခန့်) လုံးပတ်(၂၆ လက်မ) ခန့်ရှိပြီး မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ မိုးညှင်းမြို့မရဲစခန်း၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုစစ်ဆေးကာ နယ်မြေခံအမြောက်တပ်တွင် စနစ်တကျထိန်းသိမ်းထားရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)